မြန်မာ ရွှေ့ပြောင်းလုပ်သားများက ၎င်းတို့၏ အခက်အခဲများအား အလုပ်သမားဝန်ကြီးဌာနနှင့် ဆက်စပ် အဖွဲ့အစည်းများသို့ တိုင်ကြားမှုမှာ ငါးနှစ်ကျော်အတွင်း ၂၀၀၀ ခန့်သာရှိ

မြန်မာ ရွှေ့ပြောင်းလုပ်သားများက ၎င်းတို့၏ အခက်အခဲများအား အလုပ်သမားဝန်ကြီးဌာနနှင့် ဆက်စပ် အဖွဲ့အစည်းများသို့ တိုင်ကြားမှုမှာ ငါးနှစ်ကျော်အတွင်း ၂၀၀၀ ခန့်သာရှိ
Published 4 September 2018

မြန်မာ ရွှေ့ပြောင်းလုပ်သားများက ၎င်းတို့၏ အခက်အခဲများအား အလုပ်သမားဝန်ကြီးဌာနနှင့် ဆက်စပ် အဖွဲ့အစည်းများသို့ တိုင်ကြားမှုမှာ ငါးနှစ်ကျော်အတွင်း ၂၀၀၀ ခန့်သာ ရှိကြောင်း စက်တင်ဘာ ၃ ရက်တွင် စုံစမ်း သိရှိရသည်။

“ Complaint (တိုင်ကြားချက်) တွေ ဘယ်လောက် ရသွားပြီလဲ ဆိုတော့ အစ်မတို့ မှာ Source တွေ အများကြီးရှိတယ်။ MRC ရှိတယ်။ Complaint Mechanism (တိုင်ကြားချက်ယန္တရား) ရှိတယ်။ ရုံးချုပ်ကို တိုက်ရိုက်ဆက်တာ ရှိတယ်။ သံရုံးတွေကရတဲ့ တိုင်ကြားချက်တွေ ရှိတယ်။ အဲဒီနေရာစုံကနေ ရတာကနေရတဲ့ တိုင်ကြားချက်တွေ အများကြီးရှိတယ်။ ၂၀၁၃ ကနေ အခု ၂၀၁၈ အထိဆိုရင် ၁၉၄၄ မှု ရှိသွားပြီ။ အဲဒီအမှုတွေ အားလုံးကို အစ်မတို့ ကိုင်တွယ်ပြီး ဖြေရှင်းပေးတာပေါ့။ ကျန်တာက ၅၀ ကျော် ရှိတယ်။ မပြတ်သေးတာပေါ့”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုး က ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ILO ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ဖြင့် ပူးပေါင်းကာ ရွှေ့ပြောင်းအလုပ်သမား အသိပညာပေး (Migrant Resource Center) များ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

“ MRC နဲ့ ILO ပူးပေါင်းပြီး ဖွင့်တာရှိတယ်။ MRC နဲ့ ပတ်သက်ပြီး လက်လှမ်းမီသလောက် အသိပညာပေးတယ်။ လောလောဆယ်တော့ ရွှေ့ပြောင်းသွားလာသူ အများဆုံးရှိတဲ့ နေရာတွေမှာပဲ MRC တွေ ဖွင့်ထားနိုင်သေးတယ်။ သူတို့က ဆက်သွယ်တဲ့အခါမှာ အစ်မတို့က ဖြေပေးတယ်။ ဒါပေမဲ့ တော်တော်များများက အစ်မတို့ ရုံးတွေကို ရောက်မလာကြဘူး။ ရွှေ့ပြောင်းသွားလာမယ့် ကလေးတွေက ရုံးတွေနဲ့ အထိအတွေ့ နည်းကြတယ်။ သိပ်ရောက်မလာကြဘူး။ ရောက်လာတဲ့ လူတွေကိုတော့ အပြည့်အ၀ ကူညီပေးပါတယ်။ လာဆွေးနွေးတဲ့လူက တော်တော်ကို နည်းသေးတယ်”ဟု ဒေါ်အေးအေးမိုးက ဆက်လက်ပြောကြားသည်။

ရွှေ့ပြောင်း လုပ်သားများမှာ အချက်အလက် ရယူလိုမှု နည်းပါးသော်လည်း လက်ရှိတွင် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန (MRC) ရုံးများကို ၁၃ ရုံး အထိ တိုးချဲ့ ဖွင့်လှစ်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံသားတွေရဲ့ ရွှေ့ပြောင်းသွားလာမှုက တော်တော်လေးကို များတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄ ဒသမ ၂၉ သန်း ရှိတယ်။ ၁၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ အာဆီယံဒေသတွင်းမှာ ရွှေ့ပြောင်းသွားလာမှုမှာ မြန်မာနိုင်ငံက အများဆုံးလို့ ပြောလို့ရတယ်။ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်းနိုင်ငံတွေကို ILO က စစ်တမ်းလုပ်ထားတာ ရှိတယ်။ အဲဒီစစ်တမ်းအရ တရားမဝင် လမ်းကြောင်းသွားတဲ့ သူတွေ ဥပမာ မလေးရှားပေါ့။ မလေးရှားကို သွားတဲ့သူတွေမှာ မြန်မာကလည်း များတယ်။ ဗီယက်နမ်ကလည်း များတယ်။ သွားတဲ့ လမ်းကြောင်းအရ ကြည့်ရင် ဗီယက်နမ် က တရားဝင် လမ်းကြောင်းက သွားတာများတယ်။ မြန်မာတွေ ရာခိုင်နှုန်း ၈၀ လောက်က မလေးရှားကို တရားမဝင် လမ်းကြောင်းက သွားကြတယ်”ဟု ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ ဦးအောင်ကျော်သန်းက ပြောကြားသည်။

မြန်မာရွှေ့ပြောင်း လုပ်သားအများစုမှာ တရားမဝင် လမ်းကြောင်းများမှ သွားရောက်မှုများကြောင့် လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ လုပ်ခလစာ အပြည့်မရရှိခြင်း စသည့် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း သိရသည်။

 

Most Read

Most Recent