စင်ကာပူ- မြန်မာ ပူးပေါင်းလုပ်ဆောင်သည့် ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းတွင် အနည်းဆုံး လူနာ ၃၀၀၀၀ အကျိုးကျေးဇူးခံစားနိုင်မည်ဟု မျှော်မှန်း

စင်ကာပူ- မြန်မာ ပူးပေါင်းလုပ်ဆောင်သည့် ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းတွင် အနည်းဆုံး လူနာ ၃၀၀၀၀ အကျိုးကျေးဇူးခံစားနိုင်မည်ဟု မျှော်မှန်း
Published 3 September 2018

စင်ကာပူနှင့် မြန်မာ့ကျန်းမာရေးဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ ထိခိုက်ဒဏ်ရာ ရရှိမှုမှ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအား ရန်ကုန်တွင် အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး Singapore International Foundation  ၏ Singapore Health Services နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်မှုမှ အနည်းဆုံး လူနာပေါင်း ၃၀၀၀၀ ကို အကျိုးကျေးဇူးခံစား နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးရုံရှိဆေးကုသမှု ခံယူနေမှုများ၏ သိသာထင်ရှားသော ရာခိုင်နှုန်းတစ်ခုသည် ယာဉ်မတော်တဆမှုကြောင့်သော်လည်းကောင်း၊ ပြုတ်ကျခြင်းကြောင့်သော်လည်းကောင်း၊ လုပ်ငန်းခွင်၌ ထိခိုက်မိခြင်းကြောင့်သော်လည်းကောင်း ရရှိသော ထိခိုက်ဒဏ်ရာများ ဖြစ်သည်။

ထိုကဲ့သို့သော ကိစ္စရပ်များ ဖြစ်ပွားမှု မြင့်မားလာပါက လက်ရှိထိခိုက်ဒဏ်ရာ ကုသမှု အထောက်အကူပြုပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များအတွက် ဝန်ပို၍ အခက်အခဲဖြစ်စေနိုင်သည်။ ထိခိုက်ဒဏ်ရာရရှိသော လူနာများအတွက် ပို၍ဈေးနှုန်းသက်သာပြီး ပြန်လည်သန်စွမ်းရေး ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုကို လိုအပ်လျက်ရှိသည်။ သို့သော် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထိခိုက်ဒဏ်ရာနှင့် သက်ဆိုင်သော ဆေးကုသမှုခံယူရန် ဆေးရုံတက်ရောက်လာသူ နေ့စဉ်ပျမ်းမျှ အယောက် ၃၀ ရှိပြီး ထိခိုက်ဒဏ်ရာ ကုသမှုဌာနတွင် နေ့စဉ် ပျမ်းမျှ လူနာဦးရေ ၂၀၀ ကို လက်ခံကုသပေးနိုင်ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း သုံးနှစ်တာကာလအတွင်း  မြန်မာနိုင်ငံရဲ့ ပြန်လည်သန်စွမ်းရေးဆိုင်ရာ  ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကောင်းတစ်ရပ်ကို ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကနဦးအကဲဖြတ်မှုတွေ၊ ဆေးကုသမှုတွေ အပါအဝင် အပြည့်အ၀ ပြန်လည်သန်စွမ်းသည်အထိ အကျုံးဝင်မှာဖြစ်ပါတယ်။ သုံးနှစ်တာကာလ ကျော်လွန်ပြီးတဲ့အခါမှာတော့ လုပ်ထုံးလုပ်နည်းတွေ၊ ဝန်ဆောင်မှု အပါအဝင် လူနာအယောက် ၃၀၀၀၀ ကျော် အတွက် အကျိုးပြုပေးနိုင်မယ့် ဆရာဝန် ၁၈၀ ဦးကို အရည်အသွေးမြှင့်တင်မှုပေးမယ့် ကဏ္ဍတွေမှာ ကျွန်မတို့ အတူတကွ လုပ်ဆောင်သွားမှာပါ။ ဆေးပညာနယ်ပယ်မှာ ၎င်းတို့သင်ယူရရှိခဲ့တဲ့ အရည်အသွေးများနဲ့ ဗဟုသုတတွေကို ပြန်လည်မျှဝေဖို့အတွက် ထူးချွန်တဲ့ ဆရာဝန် ၆၀ ကို ထပ်မံရွေးချယ် သွားဦးမှာလည်း ဖြစ်ပါတယ်။ လုပ်ဆောင်မှု နည်းလမ်းတွေကနေတစ်ဆင့် မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းရဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ပြီး စီမံကိန်းကို ရေရှည်စဉ်ဆက်မပြတ်တိုးတက်စေမှာ ဖြစ်ပါတယ်” ဟု  SIF ၏ Executive Director MS JEAN TAN က ပြောကြားသည်။

SIF  ၏ Volunteer Cooperation (VC) ပရိုဂရမ်များသည် အာရှတွင် အပြုသဘောဆောင်သော၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာပြုလုပ်ထားသော ပရိုဂရမ်များဖြစ်သည်။ ထိုပရိုဂရမ်တွင် စင်ကာပူနိုင်ငံသား စေတနာ့ ဝန်ထမ်းများသည် အခြားနိုင်ငံများမှစေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်းလက်တွဲကာ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများကို ပြန်လည်မျှဝေပေးပြီး ကောင်းမွန်သော ပြောင်းလဲမှုများရရှိနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကာ တစ်ချိန်တည်းတွင် ယဉ်ကျေးမှုနှင့် သဘာဝများကို အပြန်အလှန် နားလည်သဘော ပေါက်လာစေရန် ကြိုးစားလုပ်ဆောင်ယူခြင်း ဖြစ်သည်။ SIF အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ၁၉၉၂ ခုနှစ်ကတည်းကပင် စတင်ကူညီဆောင်ရွက်ခဲ့သည်။

၁၉၉၉ ခုနှစ်မှစ၍ SIF သည် ပညာရေးနယ်ပယ်၊ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်းစီမံကိန်းများထဲတွင် မူလတန်းကြိုကလေးများအတွက် အင်္ဂလိပ်စာသင်ကြားပေးခြင်း (၂၀၁၃ - ၂၀၁၆)၊ မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်းကာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှုများ (၂၀၀၄ - ၂၀၁၅)၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့်ပူးပေါင်းကာ သားဖွားနှင့် မီးယပ်ကျန်းမာရေး

စောင့်ရှောက်မှု (၁၉၉၉ - ၂၀၀၁)၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမျိုးသားသွေးဌာနတို့ ပူးပေါင်းကာ သွေးအုပ်စုများကို စစ်ဆေးခြင်း (၂၀၀၇ - ၂၀၁၅)၊ မင်္ဂလာမြန်မာနှင့်ပူးပေါင်းကာ Water for Life (၂၀၁၃ -၂၀၁၆) နှင့် လက်ရှိလုပ်ဆောင်မည့် ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု (၂၀၁၈-၂၀၂၀) တို့ ပါဝင်သည်။

 

Most Read

Most Recent