မြန်မာ-ဂျပန်သီလဝါကုမ္ပဏီ MJTD ၏ မြေငှားရမ်းခြင်းမှရရှိသည့်ဝင်ငွေ ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သဖြင့် အခြားလုပ်ငန်းများမှ ဝင်ငွေပိုမိုရရှိလာရန်မျှော်လင့်

မြန်မာ-ဂျပန်သီလဝါကုမ္ပဏီ MJTD ၏ မြေငှားရမ်းခြင်းမှရရှိသည့်ဝင်ငွေ ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သဖြင့် အခြားလုပ်ငန်းများမှ ဝင်ငွေပိုမိုရရှိလာရန်မျှော်လင့်
Published 3 September 2018

သီလဝါအထူးစီးပွားရေးဇုန်အား တွေ့ရစဉ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ဂျပန် သီလဝါ ဒီဗလော့မန့်လီမိတက် (MJTD ) ၏ မြေငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ ၃၃ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် အခြားသော လုပ်ငန်းများမှ ဝင်ငွေပိုမိုရရှိလာရန် မျှော်လင့်နေကြောင်း သိရသည်။

သီလဝါအများပိုင်ကုမ္ပဏီအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် MJTD အပါအဝင် တွဲဘက်ကုမ္ပဏီများမှ အမြတ်ရရှိမှု ကျဆင်းသဖြင့် စံချိန်တင် ဝင်ငွေလျော့ကျမှု ဖြစ်ပေါ်ထားကာ အခွန်ဆောင်ပြီးအသား တင်အမြတ် ကျပ် ၁၂ ဘီလျံကျော်သာ ရရှိထားသည်။ ထိုသို့ အမြတ်ရရှိမှုလျော့ကျသဖြင့် အစုရှယ်ယာများအပေါ် အမြတ်ခွဲဝေရာတွင်လည်း ရှယ်ယာတစ်စု ကျပ် ၂၃၀ သာ ခွဲဝေပေးမည်ဖြစ်ပြီး အဆိုပါအမြတ်ဝေစုမှာ ဘဏ္ဍာနှစ်သုံးနှစ်အတွင်း အနည်းဆုံးဖြစ်လာသည်။

လက်ရှိတွင် မြန်မာ-ဂျပန်သီလဝါ ကုမ္ပဏီ MJTD မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်မှုနယ်မြေများသည် MTSH ၏ အကြီးမားဆုံး ဝင်ငွေအရင်းအမြစ်ဖြစ်ပြီး ဇုန် (A) ရှိ ငှားရမ်းနိုင်သော မြေဟတ်တာ ၃၀၀ အနက်တွင် ၉၆ ရာခိုင်နှုန်းသည် ကုမ္ပဏီ ၈၁ ခုသို့ အငှားချနိုင်ခဲ့ပြီးဖြစ်သည်။ ဇုန် (B) ၊ အဆင့် (၁) တွင် ငှားရမ်းနိုင်သော စုစုပေါင်း မြေဧရိယာ ၈၃ ဟက်တာအနက်မှ ရာခိုင်နှုန်း ၄၀ သည် ကုမ္ပဏီရှစ်ခုသို့ အငှားချခဲ့ပြီးဖြစ်၍ ဇုန် (ဘီ)၊ အဆင့် (၂) တွင် ငှားရမ်းနိုင်သော မြေဧရိယာ ၅၉ ဟက်တာကို လက်ရှိတွင် တည်ဆောက်အကောင်အထည်ဖော်နေသည်။ အဆိုပါစက်မှုနယ်မြေများမှ မြေနေရာငှားရမ်းမှုမှရရှိသည့် ဝင်ငွေများအပြင် လျှပ်စစ်မီး၊ ရေနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ဝန်ဆောင်ခများကိုလည်း ပုံမှန်ဝင်ငွေ အဖြစ်ရရှိနေကြောင်း သိရသည်။

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ MTSH ရဲ့ လုပ်ငန်းတွေဟာ အခြားလုပ်ငန်းတွေနည်းတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ကမ္ဘာမှာ စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံးဖြစ်နိုင်တဲ့ အနေအထားမှာရှိနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့်လည်း မျှော်မှန်းထားသလောက် တိုးတက်မှုမရှိခဲ့တာ သိရှိကြပြီး ဖြစ်ပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ အရင်နှစ်ကလောက်မများပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ဝင်ရောက်လာနေဆဲ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းကြီးဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအနာဂတ်ကို ပြန်လည်ဦး မော့လာနိုင်တဲ့ အလားအလာကောင်းတွေနဲ့အတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်ထားပါတယ” ဟု MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

သို့သော်ဝင်ငွေကျဆင်းရခြင်းမှာ သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်မှုမြေများပေါ်တွင် စိတ်ဝင်စားမှု လျော့နည်းသွားခြင်း မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုသည် မြင့်တက်လျက်ပင်ရှိ၍ မြေငှားရမ်းမှုမှ ဝင်ငွေသည် ယခုနှစ်ပမာဏအတိုင်း ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်မှုနယ်မြေများမှရရှိသည့် ပြုပြင်ထိန်းသိမ်းမှုဝန်ဆောင်ခ၊ လျှပ်စစ်မီးနှင့် ရေပေးဝေခြင်းမှ ရရှိသည့် ဝန်ဆောင်ခများ၊ စက်ရုံ၊ ရုံးခန်း၊ လူနေဆိုင်ခန်းများနှင့် လုပ်သားအိမ်ရာများ ငှားရမ်းခြင်းမှရရှိသည့် ဝင်ငွေများသည် ပုံမှန်ရရှိနေသည့် ဝင်ငွေအရင်း အမြစ်များပင်ဖြစ်ပြီး မြေငှားရမ်းသူများမှ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ဆောင်မှု ပိုမိုများပြားလာသည်နှင့်အမျှ ပုံမှန်ရရှိမည့်ဝင်ငွေသည်လည်း တိုးတက်လာမည်ဖြစ်ပြီး မြေငှားရမ်းမှုတွင် လျော့နည်းလာမည့်ဝင်ငွေအတွက် ပြန်လည်အစားထိုး ရရှိနိုင်မည်ဖြစ်သည်။

 

Most Recent