မကွေးတိုင်းအတွင်း မြို့နယ်များတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားသော်လည်း စာသင်ကျောင်း ၂၅၀ ခန့် ပိတ်ထားရဆဲဖြစ်ပြီး ရေဘေးရှောင်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေ

မကွေးတိုင်းအတွင်း မြို့နယ်များတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားသော်လည်း စာသင်ကျောင်း ၂၅၀ ခန့် ပိတ်ထားရဆဲဖြစ်ပြီး ရေဘေးရှောင်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေ
Published 30 August 2017

မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာမှ ရေဝင်ရောက်နေသည့် ကလေးပြုစုရေးကျောင်းကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်များတွင် သြဂုတ် ၂၇ ရက်မှစ၍ မြစ်ရေစတင်ကျဆင်း ကာ သြဂုတ် ၂၉ ရက်တွင် စိုးရိမ်ရေမှတ်များအောက် ကျဆင်းသွားခဲ့သော်လည်း စာသင်ကျောင်း ၂၅၀ ခန့် ယာယီပိတ်ထားရဆဲဖြစ်ပြီး ရေဘေးရှောင် ပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သြဂုတ် ၂၉  ရက် နံနက် ၁၀ နာရီခွဲတွင် ထုတ်ပြန်ချက်များအရ စိုးရိမ်ရေမှတ် အထက်ရောက်ရှိနေခဲ့သော ပခုက္ကူ၊ မင်းဘူး၊ အောင်လံမြို့များ၌ ယင်းရေမှတ်အောက်အထိ  ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေ ဒုတိယအကြိမ် မြင့်တက်၍ ကျေးရွာများအတွင်း ရေဝင်ရောက်မှုကြောင့် သြဂုတ် ၂၂ ရက်မှစ၍ စသင်ကျောင်များ ပိတ်ထားခဲ့ရကြောင်း သြဂုတ် ၂၆ ရက်အထိ စာသင်ကျောင်းပေါင်း ၂၅၈ ကျောင်း ပိတ်ထားရဆဲဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မကွေးတိုင်းအတွင်း ပခုက္ကူ၊ ရေစကြို၊ ရေနံ ချောင်း၊ မင်းဘူး၊ မင်းလှ၊ အောင်လံ၊ သရက်၊ ကံမမြို့နယ်များတွင် လူဦးရေ ၂၀၆၀၀ ကျော် ရေဘေးရှောင်နေရကြောင်း တိုင်းလူကယ်ပြန်ရုံး တာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါ စာရင်းတွင် ဧရာဝတီမြစ်နံဘေး ရေဝင်ရောက်နေသည့် ချောက်၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များမှ လူဦးရေစာရင်းများ မပါဝင်သေးကြောင်း သိရသည်။ ရေဘေးရှောင်ပြည်သူများသည် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရပြီး လက်လုပ်လက်စား သမားများအတွက် စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ရေလွတ်ရာ ပြောင်းရွှေ့ထားရသည့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များကို လွှတ်ကျောင်းရန် စားကျက်မြေ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ လက်ရှိပိတ်ထားရသည့် စာသင်ကျောင်းများသည် ပထမအကြိမ် ရေကြီးစဉ်ကလည်း ပိတ်ထားခဲ့ရသဖြင့် ပညာရေးနှောင့်နှေးမှုများ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

“ရေဘေးရှောင် ပြည်သူတွေအတွက် တစ်ပတ်စာ ဆန်ဖိုးအဖြစ် တစ်ဦးကို ကျပ် ၂၁၀၀ နှုန်း ထောက်ပံ့ပေးထားပါတယ်။ မင်းဘူးမြို့နယ်ထဲက ပြည်သူတွေကတော့ ပထမ အကြိမ်တုန်းကလည်း ကျပ် ၂၁၀၀ စီထောက်ပံ့ထားလို့ အခုတစ်ကြိမ်မှာ ကျပ် ၉၀၀ စီပဲ ထောက်ပံ့ပေးပါတယ်” ဟု တိုင်းလူကယ်ပြန်ရုံး ညွှန်ကြားရေးမှူးက ပြောကြားသည်။

“ရေကပြန်ကျသွားပြီ ဆိုပေမယ့် လူတွေက ရေဘေးရှောင်စခန်းတွေမှာ နေနေရဆဲပါပဲ။ ရေအကျကလည်း နှေးပါတယ်။ နှစ်စဉ် အတွေ့အကြုံအရ ဒီလိုဒုတိယရေကြီးကာလက ၁၀ ရက်ကနေ တစ်လလောက် အထိလည်း ကြာရင်ကြာတတ်ပါတယ်” ဟု မင်းဘူးရေ ဘေးရှောင်ပြည်သူ တစ်ဦးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လပိုင်းက ပထမအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လူဦးရေ ၆၀၀၀၀ ခန့် ရေဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီး စာသင်ကျောင်း  ၃၀၀ ခန့် ယာယီပိတ်ထားခဲ့ရကြောင်း၊ ယခု သြဂုတ် ၁၅ ရက်မှစ၍ ဒုတိယအကြိမ်မြစ်ရေ ပြန်လည် မြင့်တက်လာပြီး သြဂုတ် ၂၁ ရက်မှစ၍ စိုးရိမ်ရေမှတ်များ ကျော်လွန်ခဲ့ကြောင်း၊ သြဂုတ် ၂၇ ရက်တွင် စိုးရိမ်ရေမှတ်များအောက် ပြန်လည်ကျဆင်း လာခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent