<

မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့် ယာဉ်တစ်စီး မဲဆောက် – ဘန်ကောက်လမ်း ကီလိုမီတာ ၆၆-၆၇ ကြား တောင်အဆင်းလမ်းတွင် အရှိန်လွန် တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ

တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့်ယာဉ်အား တွေ့ရစဉ်

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့်ယာဉ်သည် မဲဆောက်-ဘန်ကောက်လမ်း ကီလိုမီတာ ၆၆ -၆၇ ကြား တောင်အဆင်းလမ်း နေရာတွင် စက်တင်ဘာ ၁ ရက် နံနက် ၀၀း၃၀ အချိန် တိမ်းမှောက်ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာ့ခ်မြိုနယ် မဲဆောက်-ဘန်ကောက်လမ်းအတိုင်း မောင်းနှင်လာသည့် ထိုင်း ၁၂ ဘီးယာဉ်အမှတ် ၃၀-၀၄၂၇ တွင် New Three Diamond Co.,Ltd မှ MoU စနစ်ဖြင့် စေလွှတ်သူ အလုပ်သမား ကျား ၁၀ ဦး၊မ ၃၈ ဦး၊ ပြင်ပခရီးသည် ၁၂ ဦး၊ စုစုပေါင်း ၆၀ တို့ လိုက်ပါလာပြီး ကီလိုမီတာ ၆၆-၆၇ ကြား အရောက်တွင် အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အဆိုပါ ကုမ္ပဏီက စေလွှတ်သူ မြန်မာလုပ်သား မောင်ကျော်ဇောဟိန်း (ဘ) ဦးစံမောင်၊ PP.No.MD.014456၊ မဲခေါင်ကျေးရွာ၊ အောင်လံမြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အလုပ်သမား မခင်အေး မွန်(ဘ)ဦးသန်းဌေး၊ မော်လမြိုင်နေသူသည် ၀ဲ၊ ယာ ခြေနှစ်ချောင်းကျိုး (စိုးရိမ်ရ) ဒဏ်ရာ၊ အခြားသုံးဦး (စိစစ်ဆဲဖြစ်သလို ပွန်းပဲ့ဒဏ်ရာရသူများ အပါအ၀င် မြန်မာလုပ်သား အများအပြား ဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သူ ဖိဂျိုးက “ဒဏ်ရာရသူ ၁၂ ဦးမှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ လေးယောက်ကတော့ ပြင်းထန်တယ်၊ ကျန်တဲ့သူတွေကတော့ နည်းနည်းပါပါးပဲ ဒဏ်ရာရတယ်” ဟုဆိုသည်။

ဖြစ်စဉ်ကြောင့် တာ့ခရိုင်ရဲတပ်ဖွဲ့ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ တာ့ခ်နှင့် မဲဆောက် ဆေးရုံကြီး၊ Rescue လူမှုကယ်ဆယ်ရေး တာဝန်ရှိသူများသည် စက်တင်ဘာ ၁ ရက် နံနက် ၁ နာရီက ရောက်ရှိလာပြီး သေဆုံး၊ ဒဏ်ရာရရှိသူများအား တာခ်ဆေးရုံသို့ လည်းကောင်း၊ ကျန်အလုပ်သမားအား တာ့ခ်ရဲစခန်းရိပ်သာသို့ လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ထံ တာ့ခရိုင်အုပ်ချုပ်ရေးမှူး ကျလိန်လစ်စခွန်စ၀်ပါ နယ်ဘက်၊ စစ်ဘက်တာဝန်ရှိသူများ၊ New Three Diamond Co.,Ltd မှ M.D ဦးအေးကိုပါ တာဝန်ရှိသူအချို့ သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် လုပ်အားခ ပိုမိုရရှိသည့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ နေ့စဉ် ၅၀၀ ခန့် ထွက်ခွာလျက်ရှိပြီး မဲဆောက်-ဘန်ကောက် လမ်းတွင် ကားမီးလောင်ခြင်း၊ ယာဉ်တိမ်းမှောက်ခြင်းတို့ကြောင့် မြန်မာလုပ်သားများ သေဆုံး၊ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

September 1, 2018














Copy Protected by Chetan's WP-Copyprotect.