မြစ်ခုနစ်စင်း၊ ဆည်ကိုးခု ရှိနေသည့် ရန်ကုန်တိုင်းအတွင်း ဖြစ်လာနိုင်သော သဘာဝဘေးကြိုတင်ကာကွယ်ရန် ပြင်ဆင်နေသကဲ့သို့ ဆွာချောင်းတမံပြိုကျမှု အရေးပေါ်ကိစ္စအဖြစ် သတ်မှတ်၍ ပြည်ထောင်စုအစိုးရ ကိုင်တွယ်နေဟုဆို

မြစ်ခုနစ်စင်း၊ ဆည်ကိုးခု ရှိနေသည့် ရန်ကုန်တိုင်းအတွင်း ဖြစ်လာနိုင်သော သဘာဝဘေးကြိုတင်ကာကွယ်ရန် ပြင်ဆင်နေသကဲ့သို့ ဆွာချောင်းတမံပြိုကျမှု အရေးပေါ်ကိစ္စအဖြစ် သတ်မှတ်၍ ပြည်ထောင်စုအစိုးရ ကိုင်တွယ်နေဟုဆို
Published 2 September 2018

မြစ်ရေကြီးမှုကြောင့် ရန်ကုန်မြို့ ကမ်းနားလမ်းတစ်ဝိုက် ရေကြီးရေလျှံနေသည်ကို သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြစ်ခုနစ်စင်းနှင့် ဆည်ကိုးခုရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်လာနိုင်သည့် သဘာဝဘေးကြိုတင်ကာကွယ်ရန် ပြင်ဆင်နေသကဲ့သို့ သြဂုတ် ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့သည့် ဆွာချောင်းတမံပြိုကျမှုကိုလည်း အရေးပေါ်ကိစ္စအဖြစ် သတ်မှတ်၍ ပြည်ထောင်စုအစိုးရက ကိုင်တွယ်နေသည် ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

အဆိုပါပြောကြားမှုကို စက်တင်ဘာ ၁ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် “ရန်ကုန်တိုင်းဒေသကြီး စီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေမည့် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုများ” ဟောပြောပွဲတွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ချောင်းများ၊ ဆည်များဖြင့် ဆက်စပ်နေသည့် အခြေအနေတွင် ဖြစ်လာနိုင်သည့် ဘေးရန်များ ကြိုတင်ကာကွယ်ရန် ဆွေးနွေးနေကြောင်းနှင့် ဘတ်ဂျက်သုံးစွဲရန် ကြိုတင်စီမံရသည့်အကြောင်းများ ပြောကြားရာတွင် ဦးမြင့်သောင်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကျွန်တော်တို့ရဲ့ စီးပွားရေးမူဝါဒမဟုတ်ပေမယ့်လည်း အရေးပေါ်ရှိလာတဲ့အခြေအနေပေါ့။ သဘာဝဘေးအန္တရာယ်ဖြစ်လာတဲ့ အခြေအနေပေါ့။ ဒီနေ့အစည်းအဝေးတက်ပြီး ကျွန်တော် ပြန်လာပါတယ်။ ရန်ကုန်မြို့မှာ မြစ်အားဖြင့် မြစ်ခုနစ်စင်းနဲ့ ဆက်စပ်နေတယ်။ ဆည်တွေကလည်း ငမိုးရိပ်ဆည်တို့၊ ဂျိုးဖြူဆည်တို့အပါအဝင် ကိုးခုကနေ ရေယူနေရ တယ်။ ဒါတွေကနေ သဘာဝဘေးမှာ ဘယ်ဆည်ကနေ စိုးရိမ်စရာဖြစ်လာမလဲ။ ဘယ်မြစ်ချောင်းတွေကနေ စိုးရိမ်စရာဖြစ်လာမလဲဆိုတာကို ဒီနေ့အစည်းအဝေးလုပ်ခဲ့ကြတယ်။ အဲဒီအစည်းအဝေး လုပ်ရုံတင်မကဘဲ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကနေ တစ်စုံတစ်ခု ထိခိုက်ခဲ့မယ်။ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုကာကွယ်ကြမလဲ။ ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကို အရန်အတားအဖြစ် စဉ်းစားထားကြသလိုပဲ ကျွန်တော်တို့ စီမံ/ဘဏ္ဍာကလည်း အရေးပေါ် ရန်ပုံငွေကို ဘယ်လောက်လောက်သုံးလို့ ရနိုင်သလဲဆိုတာကိုလည်း ချန်ထားရတယ်။ ဒီတစ်လအတွင်းမှာ ဘယ်လောက်တော့ သုံးလို့ရနိုင်တယ်ဆိုတာကို ချိန်ထားရတယ်။ ဒီလိုဖြစ်လာကာမှ အမေကယ်ပါ၊ အဘကယ်ပါ မရပါဘူး။ ကြိုတင်ပြီးတော့ စီမံကိန်းနဲ့ ဘတ်ဂျက်ဆိုတာ ချိတ်ဆက်ထားရပါတယ်။ ဒါနဲ့ မလောက်တော့ဘူးဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုမှာ အရေးပေါ်ရန်ပုံငွေ တောင်းဖို့ ကိစ္စမျိုး စီစဉ်နိုင်အောင်လည်း စီစဉ်ကြပါတယ်။ ဆွာကိစ္စဆိုရင်လည်း ပြည်ထောင်စုမှာ အရေးပေါ်ကိစ္စအနေနဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးမြင့်သောင်းက ပြောကြားသည်။

သြဂုတ် ၂၉ ရက်က ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် လူလေးဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိရာ ခလရ ၄၈ တပ်မှ ဗိုလ်မှူးတစ်ဦး ပျောက်ဆုံးစာရင်းတွင်ပါဝင်နေပြီး သြဂုတ် ၃၁ ရက်အထိ ပြန်လည်မတွေ့ရှိသေးကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

သြဂုတ် ၂၉ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်က တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ဆွာချောင်းတမံ၏ ရေပိုလွှဲမြောင်း နံရံပြိုကျမှုဖြစ်ပွားခဲ့ရာ ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုဖြစ်ပွားခဲ့သည်။ ဆည်ရေများမှာ ဆည်အောက်ဘက်ရှိ ဆွာမြို့ ရေတာရှည်မြို့နယ် ရပ်ကွက်ကျေးရွာများအထိ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့်အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်-မန္တလေးလမ်း ဟောင်းများပေါ် ရေကျော်လွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ ရေကြီးခြင်းများကြောင့် သြဂုတ် ၂၉ ရက်တွင် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စုမှ ကျေးရွာပေါင်း ၈၅ ရွာတို့မှ ရေဘေးသင့်ပြည်သူပေါင်း ၆၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ဆည်ရေ တိုးခြင်းကြောင့် ရေစီးဖြင့်မျောပါပျောက်ဆုံး သူ ခြောက်ဦးခန့်ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ကာ သြဂုတ် ၃၀ ရက်တွင် ရေနစ်သေဆုံးသူ သုံးဦး၊ သြဂုတ် ၃၁ ရက်တွင် တစ်ဦး စုစုပေါင်း သေဆုံးသူလေးဦး ပြန်လည် တွေ့ရှိ ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ လူပျောက်ဆုံးမှတ်တမ်းများအရ ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် ရေစီးဖြင့်မျောပါ ပျောက်ဆုံး သူ ၁၀ ဦးအထိရှိခဲ့ရာ တပ်မတော်အရာရှိများ ဖြစ်သည့် ဆွာမြို့ ခလရ (၈၄) တပ်မှ ဗိုလ်မှူး မြတ်စံ၊ ဗိုလ်ကြီးဝဏ္ဏစိုးတို့ နှစ်ဦးအပါအဝင် ဆွာမြို့မှ အရပ်သားရှစ်ဦးအထိပါဝင်ခဲ့ပြီး အဆိုပါ ၁၀ ဦးအနက် ဗိုလ်ကြီးဝဏ္ဏစိုး၊ ဒေါ်တင်ငွေ (၄၀ နှစ်)(ဘ)ဦးထွန်းရီ၊ အေးသာယာရွာ ဆွာမင်းလမ်းအုပ်စု၊ ဦးထွန်းမြင့် (၅၀ နှစ်) (ဘ)ဦးချစ်အင်ဒိုင်းရွာ ရေတာရှည်မြို့နယ် နှင့် ၁၂ ဘီးယာဉ်တစ်စီးမှ (စပယ်ယာ) ဖြစ်သူ (အမည်၊ နေရပ်၊ လိပ်စာစိစစ်ဆဲ)တို့ လေးဦးအား အကောင်းပကတိအတိုင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ပျောက်ဆုံး သူ ၁၀ ဦး အနက် လေးဦးအား ကောင်းမွန် စွာပြန်လည်တွေ့ရှိကာ လေးဦးသေဆုံးလျက် တွေ့ရှိကာ ဗိုလ်မှူးမြတ်စံအပါအဝင် နှစ်ဦး မှာ သြဂုတ် ၃၁ ရက်အထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent