စစ်ကိုင်းမြို့တွင် ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီများရှိသော ရှေးဟောင်း မဟာသိမ်တော်ကြီးအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်စေရန် ဆောင်ရွက်မည်

စစ်ကိုင်းမြို့တွင် ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီများရှိသော ရှေးဟောင်း မဟာသိမ်တော်ကြီးအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်စေရန် ဆောင်ရွက်မည်
Published 2 September 2018

ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီများရှိသော ရှေးဟောင်းမဟာသိမ်တော်ကြီးအား တွေ့ရစဉ်

စစ်ကိုင်းမြို့တွင် ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီများရှိသော ရှေးဟောင်းမဟာသိမ်တော်ကြီးအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့ ဒါးဝယ်ဈေးရပ်ကွက် ငါးထပ်ကြီးဘုရားအနီး မဟာသိမ်တော် ကျောင်းတိုက်ရှိ ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီ လက်ရာများစွာရှိသော ရှေးဟောင်းမဟာ သိမ်တော်ကြီးအား သဘာဝဘေး အန္တရာယ်များမှ ကာကွယ်နိုင်ရန် ရေကာတာနှင့် အမိုးတည်ဆောက် ပြီးစီးပါက ကမ္ဘာ့အမွေအနှစ်ဝင်စေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

“သိမ်တော်ကြီးမှာ လူမျိုးနှစ်မျိုးရဲ့ အနုပညာနှစ်ရပ် တစ်နေရာတည်းမှာလာပြီး ပေါင်းစပ်နေတယ်။ သက်တမ်းလည်း နှစ် ၂၅၀ ကျော်သွားပြီ။ တချို့နေရာ တော်တော်များများ ဒီလိုမျိုး မရှိဘူး အင်မတန်ရှားတယ်။ ဥပမာ ပုဂံခေတ်က မွန်၊ ဗမာ၊ ပျူ၊ ပါဠိ လေးဘာသာ ရေးထိုးခဲ့တဲ့ ရာဇကုမာရ ကျောက်စာဆို ကမ္ဘာ့အမွေအနှစ် ရသွားပြီ။ ဒီဟာက လူမျိုးနှစ်ခုရဲ့ အနုပညာကို တစ်နေရာတည်းမှာ လာစုနေတဲ့အတွက် ရာဇကုမာရ ကျောက်စာနဲ့ သိပ်မကွာဘူး။ ဒါကြောင့် ကျွန်တော်တို့ သိမ်တော်ကြီးရဲ့ အမိုးနဲ့ ရေကာတာ တည်ဆောက်ပြီးတာနဲ့ ကမ္ဘာ့အမွေအနှစ် ရနိုင်ဖို့အတွက် တစ်ဆင့်ထပ် ကြိုးစားသွားမှာပါ။ ယူနက်စကိုကနေ ဒါ ထိန်းသိမ်းသင့်တယ်ဆိုရင် သူကူညီရင်လည်း ကူညီလာမှာပေါ့။ ကျွန်တော်တို့ တာဝန်အရ ကမ္ဘာ့အမွေအနှစ်ရဖို့ တောင်းရမယ်။ လာစစ်ဆေးပါ။ ကမ္ဘာ့အမွေအနှစ်နဲ့ ကိုက်ညီသလား။ ကိုက်ညီရင် ပေးပါပေါ့။ မပေးလည်း ကျွန်တော်တို့က ဆက်ထိန်းသိမ်းရမှာပေါ့။ ပေးတော့ ပိုကောင်းတာပေါ့” ဟု မဟာသိမ်တော်ကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ထိုင်းနိုင်ငံသား မစ္စတာ မစ်ကီဟတ်က ပြောကြားသည်။

အဆိုပါ မဟာသိမ်တော်ကြီးသည် ရေဝင်မြေတွင် တည်ရှိသောကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပါက ရေဝင်နစ်မြုပ်မှု နှစ်စဉ်ဖြစ်လေ့ရှိခြင်း၊ လေဒဏ်မိုးဒဏ်ကြောင့် အမိုးပျက်စီးကာ မိုးရေဝင်ခြင်း၊ ရေငွေ့ရိုက် ခြင်းများကြောင့် သိမ်တော်ကြီး အတွင်းရှိ နံရံဆေးရေးပန်းချီများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် ရေကာတာတစ်ခုနှင့် မဟာသိမ်တော်ကြီးအပေါ်မိုးမည့် ပေ ၈၀ အကျယ်ရှိ အမိုးတစ်ခုကို ထိုင်းဘတ်ငွေနှစ်သန်း အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း မဟာသိမ်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ Hotel Sagaing ၌ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် မဟာသိမ်တော်ကြီး ပြုပြင်ရေး လုပ်ငန်းစဉ်များအား ထိုင်းနိုင်ငံသား မစ္စတာမစ်ကီဟတ်က စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ အဖွဲ့များအား ချပြရှင်းလင်းခဲ့ပြီး သိမ်တော်ကြီး ပြုပြင်ရန်အတွက် မြို့ခံများ၊ ပညာရှင်များပါသော ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က ပြည်ပက ဖြစ်နေတော့ သိမ်တော်ပြုပြင်ရေးကို ထဲထဲဝင်ဝင် လုပ်မရဘူး။ ဒါကြောင့် ဒေသခံတွေ ဦးဆောင်လုပ်မှရမယ်။ လုပ်ပိုင်ခွင့်လည်း ကျွန်တော်တို့မှာ မရှိဘူး။ ဒါကြောင့် ပညာရှင်၊ မြို့ခံတွေပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့တယ်။ အဲဒီအဖွဲ့ကို လိုအပ်တာ ကျွန်တော်တို့က လုပ်ငန်းအောင်မြင်ဖို့ အကူအညီ ပေးသွားမှာပါ” ဟု မဟာသိမ်တော်ကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ထိုင်းနိုင်ငံသား မစ္စတာမစ်ကီဟတ်က ပြောကြားသည်။

 

Most Read

Most Recent