ရခိုင် ပါတီသစ်တစ်ခုဖြစ်သော အဖ ရခိုင်ပါတီအမည်ဖြင့် ပါတီ တည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုဟု သိရ

ရခိုင် ပါတီသစ်တစ်ခုဖြစ်သော အဖ ရခိုင်ပါတီအမည်ဖြင့် ပါတီ တည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုဟု သိရ
Published 2 September 2018

ရခိုင်ပါတီသစ်တစ်ခုဖြစ်သော အဖ ရခိုင်ပါတီ (Arkan Fatherland Party) အမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီထူထောင်ခွင့်မပြုကြောင်း သတင်းရရှိသည်။

အဖရခိုင်ပါတီအမည်ဖြင့် ပါတီထူထောင်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူတချို့အား သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး အဆိုပါအမည်ဖြင့် ခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“အဖရခိုင်ဆိုတဲ့နာမည်နဲ့ တည်ထောင်ခွင့်မပြုနိုင်ဘူးလို့ ခေါ်ယူဆွေးနွေးတယ်။ အဲဒီအကြောင်းပြောတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပေးမယ်ဆိုလည်းပေးလို့ ရတယ်လို့မြင်တယ်။ ဥပဒေမှာကလည်း ကော်မရှင်ရဲ့အဆုံးအဖြတ်သာ အတည်ဖြစ်တယ်လို့ ဖော်ပြထားတော့ ကျွန်တော်တို့ဘက်ကလည်း ပြောရတော့ခက်တာပေါ့။ ဒါပေမဲ့ ဘယ်လိုနာမည်မျိုး ဖွင့်ဆိုရမယ်ဆိုတာကို လည်း ဖွင့်ဆိုထားတာမရှိဘူးလေ။ သူတို့ကတော့ တခြားနာမည်နဲ့ပြောင်းပြီး တင်ပေးပါလို့ပြောတယ်။ ကျွန်တော်တို့ကတော့ ချက်ချင်းကြီးတင်ဖို့ မဖြစ်နိုင်တဲ့အတွက် သက်ဆိုင်သူတွေနဲ့ အစည်းအဝေးထိုင်ရဦးမှာဖြစ်တယ်။ တစ်ယောက်တည်း ဆုံးဖြတ်လို့မရတဲ့ ကိစ္စဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ရယူဦးမယ်” ဟု ပါတီထူထောင်ခွင့်လျှောက်ထားသူ တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောကြားသည်။

ဦးစိုးဝင်းအနေဖြင့် လျှောက်ထားသော အမည်ဖြင့်ကျလာမည်ဆိုပါက ပိုကောင်းမည်ဟုထင်မြင်ကြောင်း၊ သို့သော်လည်း ဆက်လက်ပြီး ပါတီတည်ထောင်သူများနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ပါတီတည်ထောင်ခွင့် တင်ရန်အတွက်ပင် ငါးလခန့်ကြာမြင့်ခဲ့ကြောင်းနှင့် ယခုကိစ္စသည် ပါတီတည်ထောင်ခွင့်ကို ကြန့်ကြာစေကြောင်း ပြောကြားသည်။

Most Read

Most Recent