ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအကျိုးအမြတ်ရလိုမှုအတွက် ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ၏ဒုက္ခအပေါ် အမြတ်ထုတ်ယူရမည့်အချိန်မဟုတ်ဟု မြန်မာသံအမတ် သတိပေး

ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအကျိုးအမြတ်ရလိုမှုအတွက် ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ၏ဒုက္ခအပေါ် အမြတ်ထုတ်ယူရမည့်အချိန်မဟုတ်ဟု မြန်မာသံအမတ် သတိပေး
Published 2 September 2018

ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအကျိုးအမြတ်ရလိုမှုအတွက် ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့ ပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ၏ ဒုက္ခအပေါ် အမြတ်ထုတ်ယူရမည့်အချိန် မဟုတ်ဟု ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းက သတိပေးပြောကြားခဲ့ကြောင်း သြ ဂုတ် ၃၁ ရက် ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းဖော်ပြသည်။

သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအခြေအနေ တံခါးဖွင့်ရှင်းလင်းပွဲ၌ သံအမတ်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စစ်မှန်သည့် စိုးရိမ်ပူပန်မှုများကို ပြသရန်နှင့် လက်တွေ့လုပ်ဆောင်ရမည့်အချိန်ဖြစ်ပြီး မှန်ကန်သည့်အချက်အလက်များနှင့် လက်ရှိပြဿနာများအပေါ် အပြည့်အဝနားလည်မှုတို့ကို အခြေခံလျက် အရေးကြီးသည့် မူဝါဒ ဆုံးဖြတ်ချက်များကို ချမှတ်သင့်ကာ ရှုပ်ထွေး သည့် ပြဿနာရပ်အပေါ် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်သင့်သည်ဟု ဦးဟောက်ဒိုဆွမ်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများမှာ အလွန်ကြီးမားသော်လည်း ယင်းစိန်ခေါ်မှုများကြောင့် အစိုးရအဖွဲ့၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို သွေဖည်စေမည်မဟုတ်ဘဲ ရခိုင်ပြည်နယ်၏ အခြေအနေကို ဖြေရှင်းရာတွင် အမျိုးသား ရေးဆောင်ရွက်ချက်များ အောင်မြင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှတပြီး အကောင်းရှုမြင်အပြုသဘောဆောင်သော ပံ့ပိုးကူညီပေးမှုနှင့် ထောက်ခံအားပေးမှုများက အရေးပါကြောင်း ယခုရှင်းလင်းပွဲတွင် ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် စိုးရိမ်ဖွယ်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာနှင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးမှ အပြစ်မဲ့ပြည်သူများ၏ ဖော်မပြနိုင်လောက်သော ဒုက္ခခံစားရမှုများမှာ အာဆာ အဖွဲ့က သေချာစွာတွက်ချက်ထားသော သွေးထိုးလှုံ့ဆော်ဖန်တီးမှုကြောင့်သာဖြစ်ပြီး အာဆာအဖွဲ့၏အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များအောင်မြင်ရေးအတွက် မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး နိုင်ငံတကာဖိအားပေးရန်ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ရှင်းလင်းပြောကြားသည်။

ပြည်ပအကြမ်းဖက်အဖွဲ့အစည်းများ၏ကူညီထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်များတွင် အာဆာအကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်စလင်များမှာ တစ်ဖက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ ၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိမ်နီးချင်းကောင်းပီသစွာဖြင့် ငြိမ်းချမ်းစွာ အတူတကွ လက်တွဲဖြေရှင်းပါက ယင်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ သဘောတူညီချက်များအရ စိစစ်ပြီး နေရပ်စွန့်ခွာသူများကို အရှိန်အဟုန်ဖြင့် ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ စိစစ်ပြီးသူများအား ပထမအသုတ် ပြန်လည်လက်ခံရန် ဇန်နဝါရီ ၂၃ ရက်ကတည်းကပင် အဆင်သင့်ရှိနေပြီး ရခိုင်ပြည်နယ်သို့ ဆန္ဒအလျောက် ပြန်လည်လာရောက်လိုသည့် စိစစ်ပြီးသူများကို နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် ယခုရှင်းလင်းပွဲတွင် မြန်မာသံအမတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းခဲ့သည်။

ထို့ပြင် အခြားအရေးကြီးသည့်ကြီးသည့်အချက်မှာ နယ်နိမိတ်မျဉ်းတစ်လျှောက်တွင် နေထိုင်သူများကို စနစ်တကျပြန်လည်ခေါ် ဆောင်ရေးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာနယ်နိမိတ်မျဉ်းမှ ပေ ၁၅၀ အကွာတွင် နေထိုင် ခြင်းသည် ဥပဒေနှင့်မကိုက်ညီကြောင်း၊ ၎င်းတို့ကြောင့် နှစ်နိုင်ငံတည်ငြိမ်မှုကို ထိခိုက်စေနိုင်ကြောင်းနှင့် ယင်းနေရာတွင် အာဆာအဖွဲ့ကလည်း ခြေကုပ်ယူနိုင်ကြောင်း ဦးဟောက်ဒိုဆွမ်းက သတိပေးပြောကြားခဲ့သည်။

ထို့ကြောင့် ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ အကူအညီမပေးရန်နှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို ဦးဟောက်ဒိုဆွမ်းက တောင်းဆိုခဲ့ပြီး နယ်နိမိတ်မျဉ်းတွင် နေထိုင်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို မြန်မာနိုင်ငံဘက်က ပေးအပ်ရန် စီစဉ်နေကြောင်းလည်း ဦးဟောက်ဒိုဆွမ်းက အသိပေးပြောကြားခဲ့သည်။

Most Read

Most Recent