တရားရုံးနှင့် ရဲစခန်းများတွင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသောယာဉ်များ၏ ဖြုတ်ရန်တပ်ရန် လွယ်ကူသည့် အစိတ်အပိုင်းများကို ဖြုတ်ယူထားခြင်းများရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တရားရုံးနှင့် ရဲစခန်းများတွင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသောယာဉ်များ၏ ဖြုတ်ရန်တပ်ရန် လွယ်ကူသည့် အစိတ်အပိုင်းများကို ဖြုတ်ယူထားခြင်းများရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 2 September 2018

တရားရုံးနှင့်ရဲစခန်းများတွင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသော ယာဉ်များ၏ ဖြုတ်ရန်တပ်ရန်လွယ်ကူသည့် အစိတ်အပိုင်းများကို ဖြုတ်ယူထားခြင်းများရှိကြောင်း ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၃၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက တရားမဝင် ရောင်းဝယ်ဖောက်ကားရာမှ ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများဖြစ်သည့် မော်တော်ယာဉ်၊ ယာဉ်များနှင့် သစ်တောထွက်ပစ္စည်းအား အရည်အသွေးမပျက်စီးမီ အမြန်ဆုံးလေလံတင်ရောင်းချရန် အစီအစဉ်ရှိမရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့တိုင်းပြည်မှာ တရားမဝင် လုပ်ငန်းတွေ တရာမဝင်ရောင်းဝယ်ဖောက်ကားရာမှ ဖမ်းဆီးရရှိတဲ့ယာဉ်တွေဟာ တရားရုံးတွေ၊ ရဲစခန်းတွေမှာ သက်သေခံပစ္စည်းအဖြစ်နဲ့ သိမ်းဆည်းထားတာတွေ များစွာ ရှိပါတယ်။ အလားတူ သစ်တောထွက်ပစ္စည်းတွေ တရားမဝင်ရောင်းချရာမှ ဖမ်းဆီးရမိတဲ့ သစ်တောထွက်ပစ္စည်းတွေဟာ သစ်တောစခန်း၊ သစ်တောရုံးတွေမှာ ဒုနဲ့ဒေးတွေ့ရှိရပါတယ်။ သက်သေခံပစ္စည်းတွေဟာ လုံလုံခြုံခြုံ အမိုးအကာအရိပ်အောက်မှာ ထိန်းသိမ်းမထားနိုင်တဲ့အတွက် အမှုမပြီးမပြတ်ခင်မှာပဲ ပျက်စီးယိုယွင်းနေတာကို တွေ့ရပါတယ်။ ပိုဆိုးတာက ဖြုတ်လို့တပ်လို့လွယ်တဲ့ ဒိုင်နမို၊ မော်တာ၊ တာယာစတဲ့ပစ္စည်းတွေကို အလွယ်တကူ ဖြတ်ယူတာတွေ ရှိပါတယ်။ ဆိုင်ကယ်တွေကိုလည်း နည်းမျိုးစုံနဲ့လဲခြင်း၊ ပြောင်းခြင်း၊ ဖြုတ်ယူခြင်းများရှိတဲ့အတွက် မိမွေးဖမွေးတိုင်း မူလအတိုင်း မရှိတော့ပါ။ အမှုလည်းပြီးရော လိုင်စင်၊ နံပါတ်ပြား၊ ရုပ်ဘော်ဒီလောက်ပဲ ကျန်တော့ပါတယ်” ဟု ဦးထွန်းထွန်းက ပြောကြားသည်။

အလားတူ သစ်တောထွက်ပစ္စည်များသည်လည်း မိုးထဲလေထဲနေပူထဲတွင် ပျက်စီးယိုယွင်းပြီး သုံးလို့မရသည့်အချိန်မှ အမှုပြီးကာ လေလံတင်ရာတွင် သုံးမရတော့ဘဲ မိအေးနှစ်ခါနာဆိုသလို ခိုးထုတ်ခိုးခုတ်၍ သစ်တောပြုန်းသည့်အပြင် အမှုကြာပစ္စည်း ဆွေးသောကြောင့် တိုင်းပြည်အတွက် အကျိုးမရှိဖြစ်ခဲ့ရကြောင်းနှင့် ထိုသို့မဖြစ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန် ကြီးဌာနများကို စနစ်တကျ စီမံညွှန်ကြားရန် လိုအပ်ကြောင်း မေးခွန်းရှင်ကိုယ်စားလှယ်က ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနသည် တာဝန်ထမ်းဆောင်စဉ် ဖမ်းဆီးရမိသော မော်တော်ယာဉ်များအား ပြည်သူ့ဘဏ္ဍာသိမ်း အမိန့်ထုတ်ပြန်ပြီးနောက် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့လည်းကောင်း၊ ဖမ်းဆီးရမိသော သစ်တောထွက်ပစ္စည်းမျာအား သစ်တောဦးစီးဌာနသို့လည်းကောင်း လုပ်ထုံးလုပ်နည်းနှင့်အညီ လွဲှပြောင်းပေးအပ်ရကြောင်း စီမံကိန်းဘဏ္ဍာနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိပြည်သူ့ဘဏ္ဍာသိမ်း လိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြင်စရိတ် ငွေသက်သာစေရန်နှင့် သံရည်ကျိုအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်ရန်အတွက် ဖမ်းဆီးရမိစဉ်ကပင် ကနဦးစစ်ဆေးချက်မှတ်တမ်း နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လွဲှပြောင်းပေးအပ်စေခြင်းနှင့် အမှုပြီးပြတ်ရေးအတွက် တရားရုံးအသီးသီးက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိ လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးရမိစဉ်ကပင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစက်ပစ္စည်း စာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာနမှ လွဲှပြောင်းလက်ခံနိုင်မည်ဖြစ်သော်လည်း အဆိုပါမော်တော်ယာဉ်များအား တရားရုံးမှ ပြည်သူပိုင်အဖြစ် သိမ်းဆည်းမိန့်ချမှတ်ပြီးသည့်အခါမှသာ ဌာနဆိုင်ရာများသို့ လိုအပ်ချက်အပေါ် မူတည်၍ ခွဲဝေထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၀၁၇ ခုနှစ် မေ ၉ ရက် ရက်စွဲပါစာဖြင့် ညွှန်ကြားထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent