ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ ပျက်စီးပါက ပြုပြင်ရန် အချိန်နှင့် ငွေကြေးကုန်ကျမှု များခြင်းကြောင့် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာပညာကို ပြည်တွင်း၌ဖွင့်လှစ်ရန် စီစဉ်နေ

ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ ပျက်စီးပါက ပြုပြင်ရန် အချိန်နှင့် ငွေကြေးကုန်ကျမှု များခြင်းကြောင့် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာပညာကို ပြည်တွင်း၌ဖွင့်လှစ်ရန် စီစဉ်နေ
Published 2 September 2018

ဆေးဘက်ဆိုင်ရာ စက်ကိရိယာများကို ထိန်းသိမ်းပြုပြင်ရန် ခက်ခဲနေပြီး ပျက်စီးသည့်အခါ ပြုပြင်ရန် အချိန်နှင့် ငွေကြေးကုန်ကျမှု များပြားခြင်းကြောင့် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာပညာကို ပြည်တွင်း၌ ဖွင့်လှစ်သင်ကြားရန် စီစဉ်နေကြောင်း  သြဂုတ် ၃၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ‘ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်’ ဆိုင်ရာ ပထမအကြိမ် မြန်မာ-ဂျပန် ပူးတွဲညှိနှိုင်းမှု အစည်းအဝေးတွင် ရရှိသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက “ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေကို ပုံမှန်ထိန်းသိမ်းပြုပြင်ဖို့ ခက်ခဲပြီး ချို့ယွင်းပျက်စီးတဲ့အခါ ပြုပြင်ဖို့အတွက် ပြင်ပက နားလည် တတ်ကျွမ်းသူတွေကို ခေါ်ယူလုပ်ဆောင်တာ ဖြစ်တဲ့အတွက် စက်တွေပြန် ပြင်ဆင်ဖို့ အချိန်ကြာမြင့်တာ ဘဏ္ဍာငွေကုန်ကျမှု များပြားတဲ့ အခက်အခဲတွေ ရှိနေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမိုင်းမှတ်တိုင်သစ် တစ်ခုသဖွယ်ဖြစ်သော ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ ဒီပလိုမာ (Medical Engineering Diploma) ကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားနိုင်ရန် JICA နှင့် ဂျပန်နိုင်ငံ Okayama တက္ကသိုလ်တို့နှင့် ပူးပေါင်းလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် စာတွေ့သင်ကြားမှုအပြင် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများနှင့် လက်တွေ့သင်ကြားမှုများပါ ပါဝင်မည် ဖြစ်ကြောင်းနှင့် ပြည်တွင်းတွင် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ သင်တန်းများ ဖွင့်လှစ်လေ့ကျင့်နိုင်ခြင်းဖြင့် ဝန်ကြီးဌာန အနေဖြင့် အမြဲမပြတ် ပြုပြင်ထိန်းသိမ်းနေရသော တန်ဖိုးကြီး ခေတ်မီဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေရေးနှင့် ကုသရေးကိရိယာများကို မိမိတို့ ဝန်ထမ်းအင်ဂျင်နီယာများမှ ထိရောက်စွာ ပြုပြင်ထိန်းသိမ်းမှုများ၊ ချို့ယွင်းပျက်စီးပါက အချိန်တိုအတွင်း ပြင်ဆင်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ဘဏ္ဍာငွေများလည်း အလေအလွင့် နည်းပါးသွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

Most Read

Most Recent