ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ အခြေခံပညာကျောင်းပေါင်း ၃၁၉ ကျောင်း ယာယီပိတ်ထားခဲ့ရ

ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ အခြေခံပညာကျောင်းပေါင်း ၃၁၉ ကျောင်း ယာယီပိတ်ထားခဲ့ရ
Published 2 September 2018

ဆွာဆည် ရေတိုးခြင်းကြောင့် တောင်ငူမြို့ပေါ်ရပ်ကွက်မှ စာသင်ကျောင်း ယာယီပိတ်ထားရသည်ကို သြဂုတ် ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ဆွာချောင်းတမံ၏ ရေပိုလွှဲလက်တံ မြောင်းနံရံမှာ သြဂုတ် ၂၉ ရက် နံနက် ၄ နာရီခန့်က ပြိုကျမှုကြောင့် တောင်ငူခရိုင်မြို့နယ်များနှင့် စစ်တောင်းမြစ်အနီး ကျေးရွာများ၊ အနိမ့်ပိုင်း နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ အခြေခံပညာ ကျောင်းပေါင်း ၃၁၉ ကျောင်းအား ယာယီပိတ်ထားခဲ့ရကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ရေကြီးခြင်းကြောင့် ရေတာရှည်မြို့နယ် တစ်မြို့နယ်လုံးမှ အခြေခံပညာ ကျောင်းပေါင်း ၂၆၂ ကျောင်း၊ တောင်ငူမြို့နယ်တွင် ၄၁ ကျောင်း၊ ထန်းတပင်မြို့နယ်တွင် ၁၂ ကျောင်း၊ အုတ်တွင်းမြို့နယ်တွင် တစ်ကျောင်း၊ ဒိုက်ဦးမြို့နယ်တွင် နှစ်ကျောင်း၊ ဖြူးမြို့နယ် တစ်ကျောင်း ရှိခဲ့ရာ စုစုပေါင်း ၃၁၉ ကျောင်းအား ယာယီပိတ်ထားရခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ်တွင် အခြေခံပညာကျောင်းများ ယာယီပိတ်ထားရသည့် အခြေအနေနှင့် ပတ်သက်ပြီး တောင်ငူမြို့နယ် ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက “ဒီနေ့က ၁၃ ကျောင်းထပ်ပိတ်တော့ အားလုံးပေါင်း ၅၄ ကျောင်းရှိသွားပြီ။ ကျောင်းပိတ်ရတာ၊ ကျွန်မတို့ ရေစဝင်တဲ့နေ့ကနေပြီးတော့ ၂၉ ရက်ကနေပြီးတော့ ၁၃ ကျောင်းပိတ်တယ်။ အဲဒီတုန်းကတော့ ရေမဝင်သေးဘူး။ အဲ့ဒိုးအင်း အုပ်စုဘက်ကလေ အရင်ပိတ်ထားလိုက်တယ်။ အဲဒီနေ့က ရေမဝင်သေးဘူး။ ဒါပေမဲ့ ကြိုတင်ပိတ်ထားတယ်။ မနေ့က ၃၀ ရက်မှာ ခုနစ် ကျောင်းထပ်ပိတ်တယ်။ အဲဒါတော့ ရေဝင်ပြီပေါ့နော်၊ အခုဒီနေ့မနက်မှာ ၁၃ ကျောင်းထပ်ပိတ်တယ်။ မိုးကောင်းအုပ်စု ဘက်ကကျောင်းတွေကို ၁၃ ကျောင်းထပ်ပိတ်ရပါတယ်။ အဲဒီတော့ အားလုံးပေါင်း ၅၄ ကျောင်းပေါ့။ အထက်တန်းကျောင်းက အခု အ.ထ.က ၄ မိုင်ကို ပိတ်ထားတာပေါ့နော်။ အ.ထ.က ၆ ကကျတော့ ကယ်ဆယ်ရေး စခန်းဖွင့်ထားတာ၊ အထက်တန်းကျောင်းက နှစ်ကျောင်းပဲ ရှိပါတယ်။ ကျောင်းက ရေကျပြီ ဆိုတာနဲ့ စနေ တနင်္ဂနွေ ပြန်တက်မယ်လို့ စီစဉ်ထားပါတယ်” ဟု သြဂုတ် ၃၁ ရက်က ပြောကြားသည်။

ယာယီပိတ်ထားသော ကျောင်းပေါင်း ၃၁၉ ကျောင်းတွင် အထက်တန်းဆင့် ၁၃ ကျောင်း၊ အလယ်တန်းဆင့် ၃၇ ကျောင်း၊ မူလတန်းအဆင့် ၂၆၉ ကျောင်းပိတ်ထားခဲ့ရပြီး အဆိုပါကျောင်းများမှ ကျောင်းသား ကျောင်းသူပေါင်း အထက်တန်းဆင့် ကျောင်းသား ၅၈၆၆ ဦး၊ အလယ်တန်းဆင့် ကျောင်းသား ၂၂၃၈၅ ဦးနှင့် မူလတန်းအဆင့် ကျောင်းသား ၃၃၂၅၅ ဦးရှိခဲ့ရာ စုစုပေါင်း ကျောင်းသား၊ သူ ၆၅၅၀၆ ဦးတို့အား ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယခုပိတ်ထားရသော ကျောင်းများမှာ သြဂုတ် ၂၉ ရက်က ဆွာမြို့ရှိ ဆွာဆည်မှ ရေများထိုးဆင်းခြင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ ဒုတိယအကြိမ်အဖြစ် စာသင်ကျောင်းများအား ယာယီပိတ်ထား ခဲ့ရခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သော ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းက မိုးဆက်တိုက်ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်မှ စာသင်ကျောင်းများအား ပထမအကြိမ်ဖြစ် ယာယီပိတ်ထားခဲ့ရပြီး ပဲခူးမြို့နယ်တွင် ၃၀ ကျောင်း၊ ကဝမြို့နယ်တွင် ၂၇ ကျောင်း၊ သနပ်ပင်မြို့တွင် ငါးကျောင်း၊ ဝေါမြို့နယ်တွင် ၃၈ ကျောင်း၊ ဒိုက်ဦးမြို့နယ်တွင် ၁၂ ကျောင်း၊ ညောင်လေးပင် မြို့နယ်တွင် ၄၅ ကျောင်း၊ ရွှေကျင်မြို့နယ်တွင် ၈၉ ကျောင်း၊ ကျောက်တံခါး မြို့နယ်တွင် ကိုးကျောင်း၊ တောင်ငူမြို့နယ်တွင် ၁၁ ကျောင်း၊ ထန်းတပင်မြို့နယ်တွင် နှစ်ကျောင်း၊ အုတ်တွင်းမြို့နယ်တွင် ၁၄ ကျောင်း၊ ဖြူးမြို့နယ်တွင် ၃၆ ကျောင်း၊ ကျောက်ကြီးမြို့နယ်တွင် ၄၅ ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း ၃၆၃ ကျောင်းအား ပိတ်ထားခဲ့ရသေးကြောင်း သိရသည်။

 

Most Read

Most Recent