တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ အနည်းငယ်ကျဆင်းပြီး မြစ်အောက်ဘက်ရှိ မြို့နယ်များတွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ကြိုတင်ပြင်ဆင်နိုင်ခဲ့ဟုဆို

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ အနည်းငယ်ကျဆင်းပြီး မြစ်အောက်ဘက်ရှိ မြို့နယ်များတွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ကြိုတင်ပြင်ဆင်နိုင်ခဲ့ဟုဆို
Published 2 September 2018

အုတ်တွင်းမြို့နယ် ဇီးဖြူသောင်ကျေးရွာသို့ သွားသောလမ်းတွင် ရေကျော်နေသည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ဆွာတမံမှ ဆည်ရေများ ထိုးဆင်းခြင်းကြောင့် တောင်ငူခရိုင် အတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၁ ရက်တွင် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ အနည်းငယ် ကျဆင်းသွားခဲ့ပြီး စစ်တောင်းမြစ်အောက်ဘက်ရှိ မြို့နယ်များတွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ကြိုတင်ပြင်ဆင်နိုင်ခဲ့ကြောင်း အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက “မနေ့က အုတ်တွင်းမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ခြောက်ခုပေါ့။ အဲဒါကို အိမ်ထောင် စုက ၃၇၆ စု၊ လူဦးရေက ၁၄၆၀ ပေါ့။ အဲဒီမတိုင်ခင် တစ်ညမှာပဲ တောင်ငူမှာဖြစ်ထား တယ်ဆိုတော့ ကယ်ဆယ်ရေး စောင့်ဆိုင်းပြီးတော့ လာပြီးကူညီကြတယ်ဆိုတော့ ချက်ချင်းကြီး အဆင်ပြေသွားတယ်။ ဒီနေ့မှာတော့ ၈၉၉ ဦးရှိတော့တာ။ ကယ်ဆယ်ရေး စခန်းကတော့ မနေ့က အရေအတွက်အတိုင်းပဲ ရှေ့မှာကြိုပြီးတော့ အကြောင်းကြား ထားတာလေးရှိတော့ သူတို့လည်း Alart ဖြစ်ပါတယ်။ ကားလမ်းမှာ ရေကျော်တဲ့ နေရာကတော့ ဒီမနက် က ပထမတုန်းက လူကိုလမ်းလျှောက်ပြီးသွားလို့ရတဲ့ အခြေအနေပဲ။ အဲ့ဒါကို ကျွန်တော်တို့က ကြိုးလေးနဲ့ တားလိုက်ပြီးတော့ ကူးလို့ရအောင် လုပ်ပေးလိုက်တာ ဆိုတော့ အခုချိန်ဆိုရင် ဆိုင်ကယ်မောင်းပြီးတော့ သွားလို့ရတဲ့ အခြေအနေပဲ။ ကားကြီးတွေကတော့ နည်းနည်းမသွားရဲသေးဘူး။ အဲဒီလိုဖြစ်နေတာ” ဟု ပြောကြားသည်။

ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် သြဂုတ် ၂၉ ရက်တွင် ဆွာမြို့နှင့် ရေတာရှည် မြို့နယ်တို့တွင် လည်းကောင်း၊ သြဂုတ် ၃၀ ရက်တွင် တောင်ငူမြို့နယ်တွင် လည်းကောင်း၊ သြဂုတ် ၃၁ ရက်တွင် အုတ်တွင်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ဖြူးမြို့နယ်တို့မှ အနိမ့်ပိုင်းနေရာများအထိ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး မြစ်ရေမှာလည်း စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက် ၆၉၃ စင်တီမီတာအထိ မြင့်တက်ခဲ့သည်။

အဆိုပါ မြစ်ရေမှာ သြဂုတ် ၃၁ ရက် ည ပိုင်းတွင် အနည်းငယ် ကျဆင်းလာခဲ့ပြီး စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် မိုးဇလဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၆၅၆ စင်တီမီတာ (တစ်ပေခွဲခန့် လျော့နည်း) အထိ ကျဆင်းသွားကြောင်း သိရသည်။ ထိုကဲ့သို့ မြစ်ရေကျဆင်း သွားသော်လည်း မြစ်ရေအမှတ်မှာ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အထက်တွင် နှစ်ပေခန့် ဆက်လက် ကျန်ရှိနေသောကြောင့် ရေဘေးကယ်ဆယ်ရေး စခန်းများအား ဆက်လက် ဖွင့်လှစ်ထားရဆဲဖြစ်ပြီး ရေဘေးသင့် ပြည်သူများမှာလည်း အခြားလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိသေးဘဲ ရေဘေးကယ်ဆယ်ရေး စခန်းများတွင်သာ နေထိုင်နေရသေးကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ် (၉) ရပ်ကွက်နေ ကိုဇော်မင်းက “မိုးတွေကလည်းရွာ၊ ရေတွေကလည်း ကြီးနေတော့ ဘာအလုပ်မှ လုပ်လို့မှမရတာ။ ဒါပေမဲ့ အခုလာပြီးတော့ ပံ့ပိုးတဲ့လူတွေ၊ ကူညီတဲ့လူတွေပေါ့။ သူတို့ပေးလို့ အဆင်ပြေတယ် အကုန်လုံး” ဟု ပြောကြားသည်။

အုတ်တွင်းမြို့နယ် ဇီးဖြူသောင်ရွာမှ ကိုဝင်းက “မနေ့က တစ်နေကုန် တက်လိုက်တယ်။ တက်ပြီးတော့ တက်လိုက်ပြီးတော့ အခုတော့ နည်းနည်းပြန်လျော့နေပါပြီ။ အခုလက်ရှိ ဒီမှာချည်းပဲ နေကြရတာ။ လူတွေလည်း တစ်အိမ်နဲ့တစ်အိမ် ပေါင်းပြီးနေကြရတာပေါ့။ နိမ့်တဲ့လူတွေက မြင့်တဲ့အိမ်တက်ပြီး နေကြပေါ့။ သူ့မိသားစုလိုက် မိသားစုလိုက်၊ ရေတွေကတော့ မသန့်ဘူးပေါ့။ လက်ရှိရေတွေပဲ သုံးနေရတာ စိတ်တွေလည်းညစ်လို့” ဟု ပြောကြားသည်။

ဆွာတမံမှ ရေပိုလွှဲ ပဲ့ကျမှုကြောင့် စစ်တောင်းမြစ်ရေကြီးခြင်း ဖြစ်ပွားခဲ့ရာ ရေတာရှည်မြို့နယ်တွင် လူဦးရေ ၅၀၂၈ ဦးအား၊ ကယ်ဆယ်ရေးစခန်း ၂၂ ခု၊ တောင်ငူမြို့နယ်တွင် လူဦးရေ ၂၄၆၇၂ ဦးအား ကယ်ဆယ်ရေးစခန်း ၄၄ ခု၊ အုတ်တွင်းမြို့နယ်တွင် လူဦးရေ ၁၄၆၀ ဦးအား ကယ်ဆယ်ရေးစခန်း ခုနစ်ခု၊ ကျောက်ကြီးမြို့နယ်တွင် လူဦးရေ ၄၇၃ ဦးအား ကယ်ဆယ်ရေးခစန်း ၁၂ ခုတို့တွင် ယာယီရွှေ့ပြောင်း ထားခဲ့ရကြောင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းမှ အခြေခံပညာကျောင်းပေါင်း ၃၁၉ ကျောင်းအား ယာယီပိတ်ထားခဲ့ရပြီး ရေဖြင့်မျောပါပြီး သေဆုံးသူ လေးဦး၊ ပျောက်ဆုံးသူ နှစ်ဦးရှိကြောင်း သြဂုတ် ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent