သံလွင်မြစ်သက်ရောက်ရာ ဘားအံမြို့တွင် တစ်လကျော်ကြာသည့်တိုင် မြစ်ရေကျဆင်းလာခြင်း မရှိဘဲ ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နေပြီး မြစ်ရေချိန်မှာ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေ

သံလွင်မြစ်သက်ရောက်ရာ ဘားအံမြို့တွင် တစ်လကျော်ကြာသည့်တိုင် မြစ်ရေကျဆင်းလာခြင်း မရှိဘဲ ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နေပြီး မြစ်ရေချိန်မှာ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေ
Published 2 September 2018

နေအိမ်မစွန့်ခွာလိုသူတစ်ဦး နေအိမ်အတွင်း ဆင့်ထိုးပြီး ချက်ပြုတ်နေစဉ်

သံလွင်မြစ် သက်ရောက်ရာ ဘားအံမြို့တွင် ဇူလိုင် ၂၁ ရက်မှစတင်၍ ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်ခဲ့ပြီး တစ်လနှင့် ၁၁ ရက်ကြာသည့် တိုင်မြစ်ရေကျဆင်းလာခြင်း မရှိဘဲ ရက်ရှည်ရေကြီးမှု ဖြစ်ပေါ်နေကာ စက်တင်ဘာ ၁ ရက် နံနက် ၈ နာရီ တိုင်းထွာချက်အရ သံလွင်မြစ်ရေ မှာ ၈၆၂ စင်တီမီတာ ရှိသဖြင့် စိုးရိမ်ရေအမှတ် အထက်တွင် ဆက်လက် တည်ရှိနေကြောင်း သိရသည်။

“ဒီနှစ်မြစ်ရေကြီးမှုက ရက်ကာလရှည် ကြာနေသလို နှစ်ပေါင်း ၅၃ နှစ်အတွင်း တစ်ခါမှ မကြုံဖူးတဲ့ စိုးရိမ်ရေ အမှတ်အထက် ၉၃၈ စင်တီမီတာကို ရောက်ရှိလာတာဟာ သံလွင်မြစ်ရဲ့ထူးခြားဖြစ်စဉ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်မှုဟာ သံလွင်မြစ်ဖျားပိုင်းက ပြောင်းလဲမှုတစ်ခုမက တည်ရှိလာလို့လည်း ဖြစ်လာနိုင်ပါတယ်” ဟုသံလွင်မြစ်ကို လေ့လာစောင့်ကြည့်နေသူ ဒေသခံတစ်ဦးက ဆိုသည်။

သံလွင်မြစ်သည် မြန်မာနိုင်ငံမြစ်ရေကြီးမှု ဒုတိယကာလအတွင်း နှစ်စဉ်မြစ်ကြီးမှု ဖြစ်ပေါ်လေ့ရှိကာ၂၀၁၅ ခုနှစ်မှ စတင်၍ မြစ်ရေသက်ရောက်ရာ ဘားအံမြို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘဲ ယခုနှစ် ဇူလိုင် ၂၁ ရက်မှစတင်၍ မြစ်ရေကြီးမှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ရေကြီးလွှမ်းမိုးမှုကာလ အနေဖြင့် နှစ်စဉ်ရက်သတ္တ နှစ်ပတ်ကျော်ထိသာ ကြာမြင့်လေ့ရှိပြီး ယခုနှစ်တွင် တစ်လခွဲနီးပါးကြာမြင့်ပြီး ရက်ရှည်ရေကြီးမှု ဖြစ်ပေါ်နေသည်က ထူးခြားမှုဖြစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီလိုရက်ရှည်ရှည် ရေကြီးနေတော့ ရေရှည်ဘယ်လို ရပ်တည်ရမလဲ မသိတော့ဘူး။ ကယ်ဆယ်ရေးစခန်းမှာ မခိုလှုံချင်လို့ အိမ်ပေါ်မှာပဲ ဆင့်ကလေးထိုးပြီး ခြစ်ခြစ်ချုပ်ချုပ် နေရတဲ့ဒုက္ခက မသေးဘူးလေ။ သောက်စရာ ရေကမရှိ။ ရေတွင်းအားလုံးလည်း ရေမြုပ်နေတယ်။ ရေကြီးကာစက ထောက်ပံ့ကူညီတဲ့ လူငယ်လေးတွေ လှေနဲ့လာပြီး ထောက်ပံ့ကူညီလို့ အတော်လေး အသက်ရှူ ချောင်ခဲ့ပေမယ့် အခုကူညီ ထောက်ပံ့သူတွေ မလာကြတော့ဘူး” ဟု အမှတ် ၅ ရပ်ကွက် အောင်နန်း ၃ လမ်းတွင် နေအိမ်မစွန့်ခွာသူ ရေဘေးဒုက္ခသည် တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း နေ့စဉ်မိုးရွာသွန်းမှု ရှိနေသောကြောင့် မြစ်ရေချိန်မှာ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာတွင် ရှိနေကာ ဘားအံမြို့နယ် ကျေးရွာအုပ်စုများတွင် မိုးရေ၊ ကွင်းရေ၊ တောင်ကျရေများ ပေါင်းစပ်ကာ ရက်ရှည်ရေကြီးနစ်မြုပ်မှု ခံစားနေရကြောင်း သိရသည်။

 

Most Read

Most Recent