တရားရင်ဆိုင်နေရသည့် ဆင်းရဲနွမ်းပါးသူများကို အခမဲ့ ရှေ့နေလိုက်ပေးခြင်းနှင့် ဥပဒေအကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ပေးမည့် တရားမျှတမှုစင်တာ နေပြည်တော်တွင် ဖွင့်လှစ်

တရားရင်ဆိုင်နေရသည့် ဆင်းရဲနွမ်းပါးသူများကို အခမဲ့ ရှေ့နေလိုက်ပေးခြင်းနှင့် ဥပဒေအကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ပေးမည့် တရားမျှတမှုစင်တာ နေပြည်တော်တွင် ဖွင့်လှစ်
Published 2 September 2018

နေပြည်တော် တရားမျှတမှုစင်တာ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက်က ဗုဗ္ဗသီရိမြို့နယ်ရှိ အောင်သုခကျေးရွာတွင် ပြုလုပ်စဉ်

တရားရင်ဆိုင်နေရသည့် ဆင်းရဲနွမ်းပါးသူများကို အခမဲ့ ရှေ့နေလိုက်ပေးခြင်းနှင့် ဥပဒေအကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ပေးမည့် တရားမျှတမှုစင်တာအား နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည်။

နေပြည်တော် တရားမျှတမှုစင်တာ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက်က နေပြည်တော် ဗုဗ္ဗသီရိမြို့နယ်ရှိ အောင်သုခကျေးရွာတွင် ကျင်းပခဲ့သည်။

“ကျွန်မတို့စင်တာက ပြစ်မှုနဲ့ စွပ်စွဲခံရတဲ့သူတွေ၊ တရားခံတွေပေါ့။ ဆင်းရဲနွမ်းပါးလို့ ရှေ့နေမငှားနိုင်ဘူး။ တရားရုံးမှာ ရှေ့နေ မငှားနိုင်ဘူးဆိုရင် ကျွန်မတို့ဆီကို အကူအညီလာတောင်းရင် အမှုအစကနေအဆုံး အခမဲ့ လိုက်ပေးပါတယ်။ ဘာစာရွက်စာတမ်းကြေးမှလည်း ကုန်စရာမလိုပါဘူး။ နောက်တစ်ခုကကျတော့ တရားမနဲ့ပတ်သက်ပြီးတော့ လာပြီးတော့ အကူအညီတောင်းတယ်ဆိုရင်တော့ ကျွန်မတို့က တရားမနဲ့တော့ မလိုက်ပေးဘူး။ ဒါပေမဲ့ ဥပဒေနဲ့အညီ အကူအညီ အကြံဉာဏ် ပေးပေးတာပေါ့။ လုပ်သင့်လုပ်ထိုက်တာကို အကြံဉာဏ်ပေးပါတယ်”  ဟု နေပြည်တော် တရားမျှတမှုစင်တာမှ တရားလွှတ်တော် ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက ပြောကြားသည်။

လက်ရှိတွင် နေပြည်တော်တရားမျှတမှု စင်တာက အခမဲ့ရှေ့နေလိုက်ပေးခြင်း ဆောင်ရွက်သည့် အမှု ၂၃ မှုရှိကြောင်း၊ တရားမမှုများအတွက် ရှေ့နေငှားရမ်းရာတွင်တည်း ရှေ့နေ ဆောင်ရွက်ခသက်သာစေရန် တရားမျှတမှု စင်တာက ကူညီပေးကြောင်း ဒေါ်ဝင့်ဝင့်အေး က ဆိုသည်။

ဒေါ်ဝင့်ဝင့်အေးက “အဓိက ဆောင်ရွက် ပေးတာကတော့ ကျွန်မတို့ ပြစ်မှုတွေနဲ့ စွပ်စွဲခံရတဲ့ တရားခံတွေ၊ ဆင်းရဲနွမ်းပါးလို့ ရှေ့နေ မငှားနိုင်ဘူးဆိုရင် ပြစ်မှုနဲ့ပတ်သက်လို့ရှိရင် ကျွန်မတို့က ကျွန်မတို့ဆီကို ဆင်းရဲနွမ်းပါးလို့ ရှေ့နေမငှားနိုင်ဘူး၊ အကူအညီလာတောင်းလို့ရှိရင် ကျွန်မတို့က လိုက်ပေးပါတယ်။ အခမဲ့ ဆောင်ရွက်ပေးပါတယ်”  ဟု ပြောကြားသည်။

ဆက်လက်၍ “သတ်မှတ်ချက်ဆိုတာ ကျွန်မတို့က အမှန်တကယ် ဆင်းရဲလား၊ မဆင်းရဲလားဆိုတာပေါ့။ စစ်တမ်းကောက်ပါတယ်။ မိသားစု ဘယ်နှဦးရှိလဲပေါ့။ အလုပ်အကိုင် ဘာလုပ်လဲ။ ကျောင်းသားဘယ်နှဦးရှိလဲ။ ဝင်ငွေ ဘယ်လောက်ရှိလဲပေါ့နော်။ အဲဒီအပေါ်မှာမှ ကျွန်မတို့က ပုံမှန်ဝင်ငွေ တစ်သိန်းနှစ်သောင်းနဲ့အောက်ကို ဝင်ငွေရှိတဲ့သူဆိုရင် ကျွန်မတို့က ဆင်းရဲနွမ်းပါးလို့ သတ်မှတ်ပြီးတော့ လိုက်ပေးပါတယ်။ အဲဒီထက်ကျော်တဲ့ မိသားစုဆိုရင် ကျွန်မတို့က မလိုက်ပေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

တရားရင်ဆိုင်ရာတွင် ဆင်းရဲနွမ်းပါး ခြင်းကြောင့် ရှေ့နေမငှားရမ်းနိုင်သည့် ပြည်သူများအား တရားရုံးတွင် ဥပဒေနှင့်ပတ်သက်သည့် အကူအညီများပေးရန်၊ ဥပဒေနှင့်အညီ တန်းတူညီမျှမှုများ ရရှိစေရန် အကူ အညီပေးသွားမည်ဖြစ်ကြောင်း ဒေါ်ဝင့်ဝင့်အေးက ဆိုသည်။

တရားရင်ဆိုင်နေရသည့် ဆင်းရဲနွမ်းပါးသူများကို အခမဲ့ရှေ့နေလိုက်ပေးခြင်းနှင့် ဥပဒေအကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ပေးမည့် တရားမျှတမှုစင်တာများကို မန္တလေး မြို့၊ တောင်ကြီးမြို့၊ တောင်ငူမြို့၊ ဘားအံမြို့ နှင့် ကလောမြို့များတွင်လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

Most Read

Most Recent