လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျအား NLD ပါတီတာဝန်များမှ ရပ်ဆိုင်း

လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျအား NLD ပါတီတာဝန်များမှ ရပ်ဆိုင်း
Published 1 September 2018

Photo Credit : Thet Thet Khine Facebook

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအား NLD ပါတီ တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ထိုသို့ ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့သော်လည်း NLD ပါတီဝင်အဖြစ်ဆက်လက်ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်ရယ်၊ ဒေါ်သက်သက်ခိုင်ရယ်က ပါတီမှာ ဒဂုံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်ပေါ့၊ ပါတီဝင်အဖြစ်တော့ ဆက်ရှိတာပေါ့၊ ဘာဖြစ်လို့ရပ်နားလိုက်တယ်ဆိုတာကို ကျွန်တော်လည်း ဘာမှ မသိရဘူး။ ဘာမှ လည်းခေါ်မပြောဘူး။ အကြောင်းအရာ ဘာမှ မသိရဘဲ စာပဲအကြောင်းကြားတယ်” ဟု ဦးကျော်ဇေယျကပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က “ပါတီကနေ ပေးထားတဲ့ ပါတီတာဝန်တွေကို ရပ်ဆိုင်းလိုက်တယ်တဲ့။ ကျွန်မလည်းမရှင်းလို။ ကျွန်မကပါတီမှာ ဘာတာဝန်ရှိတာလဲ၊ ကျွန်မက ဒဂုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အလုပ်အမှုဆောင်ပေါ့။ ဒါက ပါတီကနေ ကြေညာစာထုတ်ပြီးတော့ အော်တိုဖြစ်တာလေ။ အဲဒီ ပါတီတာဝန်တွေကနေ ထုတ်ပယ်တာဖြစ်တယ်တဲ့။ ပါတီကနေ ထုတ်ပယ်တာလား ဆိုတော့ ပါတီကနေ ထုတ်ပယ်တာ မဟုတ်ဘူးတဲ့” ဟု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ထံ ယနေ့ (စက်တင်ဘာ ၁ ရက်)မွန်းလွဲ ၁၂နာရီကျော်တွင် The Daily Eleven သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အစည်းအဝေးတစ်ခုသို့ ရောက်ရှိ နေသောကြောင့် ပြန်လည်ဆက်သွယ်ပေးရန် ပြောကြားသဖြင့် မည်သည့်အကြောင်းအရာကြောင့် ပါတီတာဝန်မှ ရပ်ဆိုင်းသည်ကို မသိရှိရသေးပေ။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ အစိုးရအား ဝေဖန် အကြံပြုချက်များ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများအကြားတွင် ထင်ရှားသည့် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။

သြဂုတ် ၂၅ ရက်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဝင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ တရားဝင် ထုတ်ပယ်ကြောင်း သြဂုတ် ၂၇ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ထားသည်။

Most Read

Most Recent