ဘူးသီတောင်မြို့မှ စစ်တွေသို့ သင်္ဘောဖြင့် နေရပ်စွန့်ခွာလာသူ များပြားနေ

ဘူးသီတောင်မြို့မှ စစ်တွေသို့ သင်္ဘောဖြင့် နေရပ်စွန့်ခွာလာသူ များပြားနေ
Published 29 August 2017

စစ်တွေမြို့သို့ ရောက်ရှိလာသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အပိုလို)

ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များမှ စစ်တွေမြို့သို့ သင်္ဘောဖြင့် နေရပ်စွန့်ခွာလာသူ များပြားနေပြီး ဝန်ထမ်းများလည်း ပါဝင်လာကြောင်း သိရသည်။

"ကျွန်တော်တို့က ခရေမြိုင်ကပါ။ ဟိုနေ့ကတော့ ဘူးသီးတောင်ဘက်ကို ထွက်ပြေးလာပြီး ဘူးသီးတောင်မှာ မနေချင်တော့တာနဲ့ စစ်တွေကို ထွက်လာခဲ့ကြတာပါ။ စစ်တွေမှာဆိုရင် ပိုပြီးလုံခြုံမယ်လို့ မျှော်လင့်တယ်။ အကြမ်းဖက်သမားတွေက နေ့တိုင်းရွာကိုမီးရှို့ဖို့၊ လူတွေကိုသတ်ဖို့ ကြွေးကြော်ပြီး တက်လာကြတဲ့အတွက် အခုလို ထွက်ပြေးလာကြတာပါ။ မလုံခြုံသလို ခံစားရတယ်။ စစ်တွေမြို့မှာ ဆွေးမျိုးတွေလည်း ရှိတယ်ဆိုတော့ ပိုပြီးဒီဘက်ကို လာချင်တာပေါ့။ ပြန်သွားဖို့တော့ စိတ်မကူးတော့ဘူး၊ အေးချမ်းတယ်ဆိုပြီး ပြန်ခေါ်ရင်လည်း လုံခြုံရေးကို စိတ်မချတော့ဘူး" ဟုလည်း ဦးအောင်ဆန်းကျန်က ပြောကြားခဲ့သည်။

သြဂုတ်လ ၂၉ ရက်နေ့က ဘူးသီးတောင်မှ စစ်တွေသို့ နံနက်ပိုင်းက အမြန်ရေယာဉ်နှစ်စီးနှင့် နေ့လည်ပိုင်းတွင် တစ်စီးထွက်ခွာခဲ့ရာ ခရီးသည်အပြည့် လိုက်ပါသွားခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် စက်လှေများဖြင့် ထွက်ခွာမှု များစွာရှိနေကြောင်းလည်း ဘူးသီးတောင်မြို့မှ ဦးမောင်သန်းရွှေက ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များအတွင်း မြို့ပေါ်သို့ လာရောက်၍ မရနိုင်သော ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများစွာ ရှိနေသေးကြောင်းလည်း သိရသည်။

Most Read

Most Recent