လားရှိုးမြို့တွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူတစ်ဦးအား တားဆီးစဉ် ၎င်းက အသင့်ပါလာသော ဓားရှည်ဖြင့်ခုတ်ရန်ပြုသဖြင့် ဝိုင်းဝန်းဖမ်းဆီးရာမှ ဘိန်းဖြူနှင့် ဓားများ ဖမ်းဆီးရမိ

လားရှိုးမြို့တွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူတစ်ဦးအား တားဆီးစဉ် ၎င်းက အသင့်ပါလာသော ဓားရှည်ဖြင့်ခုတ်ရန်ပြုသဖြင့် ဝိုင်းဝန်းဖမ်းဆီးရာမှ ဘိန်းဖြူနှင့် ဓားများ ဖမ်းဆီးရမိ
Published 1 September 2018

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမအနီး လမ်းမတော်လမ်းမကြီးပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးအဖြစ် အမှတ် (၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်ခိုင်နှင့်အဖွဲ့က သြဂုတ် ၃၁ ရက် နံနက်က ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများအား ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဘူတာလမ်းဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်ကို စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူက ၎င်းတွင် အသင့်ပါလာသော ဓားရှည်ဖြင့်ခုတ်ရန်ပြုစဉ် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဘူဒတ်ဗဟာဒူး (ခ) မောင်ဇော်ဇော် မောင်းနှင်လာသည့် နံပါတ်မပါ Waopai 110 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် ၎င်းက  အသင့်ပါလာသော အရိုးအသွား ၂၉ လက်မခန့်ရှိ ဓားဖြင့်ခုတ်ရန်ပြုစဉ် တာဝန်ကျ ယာဉ်ထိန်းရဲများနှင့် ယာဉ်လိုင်းပေါင်းစုံကြီး ကြပ်ရေးမှ တာဝန်ရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့က သူ့ကိုတားတော့ သူ့မှာ ပါလာတဲ့ဓားရှည်နဲ့ ခုတ်မလို့လုပ်လို့ ယာဉ်ထိန်းနဲ့ ကျွန်တော်တို့ ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးအဖွဲ့ကတာဝန်ရှိသူတွေနဲ့ ဝိုင်းပြီး ဖမ်းလိုက်ရတယ်” ဟု ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးအဖွဲ့မှ ကိုညီညီလှိုင်က ပြောကြားသည်။

ထိုသို့ ဓားဖြင့်ခုတ်ရန်ပြုသည့် ဘူဒတ်ဗဟာဒူး (ခ) မောင်ဇော်ဇော်အားစစ်ဆေးရာ ၎င်း၏ ခန္ဓာကိုယ်တွင်လွယ်ထားသည့် ကာကီရောင် အိတ်အတွင်းမှ အဖုံးပါအညိုရောင် ဖန်ပုလင်းအတွင်းထည့်လျက် ဘိန်းဖြူဟုယူ ဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် လေးဂရမ်ခန့်၊ လိမ္မော်ရောင်အဖုံးပါ အဖြူရောင် ကော်ဘူးငယ်လေးဘူးနှင့် အဝါရောင် အဖုံးပါ ပန်းရောင်ကော်ဘူးငယ်တစ်ဘူး၊ ဖုန်းတစ်လုံး၊ စီးလာသည့်ဆိုင်ကယ်ပေါ်မှ အရိုးအသွား ၂၉ လက်မခန့်ရှိ ဓားတစ်ချောင်း၊ အရိုးအသွား ၁၇ လက်မခန့်ရှိ ဓားတစ်ချောင်းတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဘိန်းဖြူမှုန့်နှင့် လက်နက်များလက်ဝယ်တွေ့ရှိသူ ဘူဒတ်ဗဟာဒူး (ခ) မောင်ဇော်ဇော် (၂၉ နှစ်) အား လားရှိုးမြို့ အမှတ် (၂၄) မူးယစ် တပ်ဖွဲ့စုရုံးတွင် အမှုဖွင့်စစ်ဆေးအရေးယူထားကြောင်းသိရသည်။

Most Read

Most Recent