လွိုင်လင်မြို့နယ်တွင် အသက်မပြည့်သေးသော မိန်းကလေးကို သားမယားပြုကျင့်ရန်ကြံစည်မှုဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ

လွိုင်လင်မြို့နယ်တွင် အသက်မပြည့်သေးသော မိန်းကလေးကို သားမယားပြုကျင့်ရန်ကြံစည်မှုဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ
Published 1 September 2018

လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု နမ့်ဟူးကျေးရွာတွင် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် လွိုင်လင်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၀ ရက် ညနေ ၆ နာရီကျော်တွင် တောင်နောက်ကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာတွင် နေထိုင်သော ၁၃ နှစ်အရွယ် မိန်းကလေးငယ်နေအိမ်သို့ မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်လာရောက်ငှားရမ်းရာတွင် ပြန်လာမပို့နိုင်ဟုပြောသဖြင့် မိခင်ဖြစ်သူက သမီးဖြစ်သူကို ဆိုင်ကယ်လိုက်ယူရန် လူစားထည့်ပေးလိုက်ရာတွင် တစ်မိုင်ခန့်ရှိ ပြောင်းဖူးခင်းတွင် မုဒိမ်းကျင့်ရန်ကြံစည်ခဲ့ကြောင်း၊ မိန်းကလေးသည် အသက် ၁၃ နှစ်သာရှိသေးသဖြင့် မုဒိမ်းမှုမမြောက်ခဲ့ကြောင်း၊ မိန်းကလေး အော်သံကြားသဖြင့် အခြားသူများ ရောက်လာသဖြင့် ထွက်ပြေးသွားကြောင်း၊ မိန်းကလေးကိုလည်း ရိုက်နှက်နှိပ်စက်ထားကြောင်း လွိုင်လင်မြို့မရဲစခန်းမှ သိရသည်။

“မုဒိမ်းမှုကျူးလွန်တာ ကြံစည်မှု ၃၇၅ နဲ့ ၅၁၁ အမှုဖွင့်ပြီး ကျွန်တော်ကိုယ်တိုင်ပဲ အမှုစစ်လုပ်နေပါတယ်။ နောက်ပြီး ကလေးမလေးကို ရိုက်နှက်တာက ၃၂၃ ၊ ကာယိန္ဒြေပျက်စီးမှု ၃၅၄၊ ၃၇၇ တု့ိနဲ့လည်း အမှုဖွင့်ထားပါတယ်။ ကောင်မလေးက အသက်မပြည့်သေးဘူး။ ၁၃ နှစ်ဆိုတော့ မုဒိမ်းမှုမမြောက်လိုက်ဘူး။ ကြံစည်မှု ရိုက်နှက်မှုတော့ ဖြစ်လိုက်တာပေါ့” ဟု လွိုင်လင်မြို့မစခန်းမှူးဒုရဲမှူး အောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို လွိုင်လင်မြို့မရဲစခန်း တွင် (ပ) ၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ရိုက်နှက်မှု ၃၂၃၊ ကာယိန္ဒြေပျက်စီးမှု ၃၅၄၊ ဓမ္မတာမဟုတ်သော ကာမဆက်ဆံမှု ၃၇၇ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားရုံးစွဲတင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“ဖြစ်စဉ်က မတ်ကျန်းပြည်သူ့စစ်ကတပ်ကနေ ဆင်းလာပြီးတော့ ဆိုင်ကယ်လာငှားတယ်။ အိမ်ရှင်က မငှားပေးနိုင်ဘူးဆိုတော့ ငါကစစ်သားပဲ။ မင်းတို့မငှားလည်း ငါယူသွားမှာပဲ။ ကောင်းလားဆိုပြီး စက်နှိုးကြည့်လိုက်တော့ ကောင်းနေလို့ စီးသွားကြည့်လိုက်တယ်။ နင်တို့ဆိုင်ကယ်တော့ ငါပြန်လာမပို့နိုင်တော့ ဘူး။ လိုချင်ရင်ဟိုးမှာ တစ်နေရာရာမှာထားခဲ့မယ်။ ကိုယ့်ဟာကိုယ်လာယူဆိုတော့ အဖေက အိမ်မှာ မရှိဘူးလေ။ အဖေဆူမှာကြောက်လို့ ဆိုင်ကယ်လိုက်ယူပြီး ကပ်စီးသွားတာပေါ့။ မုန့်ဝယ်မယ်ပြောပြီး မဝယ်ဘဲနဲ့ ပြောင်းခင်းထဲ တဲထဲမှာ မုဒိမ်းကျင့်တာပေါ့။ ကလေးက အသက် ၁၃ နှစ်ပဲ ရှိသေးတယ်” ဟု တောင်နောက်ကျေးရွာအုပ်စု မှ ရပ်မိရပ်ဖ လူငယ်ခေါင်းဆောင်ဖြစ်သူက ပြောကြားသည်။

ယခင်ကလည်း တောင်နောက်ကျေး ရွာအုပ်စုတွင် မြေယာပြဿနာဖြစ်ပွားသဖြင့် မတ်ကျန်းဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တောင်သူများကို သေနတ်နှင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြီး ထိတွေ့မှုတစ်ရပ် မေလလယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent