မဘသ အမည်မှ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဟု နာမည်ပြောင်း ဖွဲ့စည်းထားသော်လည်း တရားမဝင်အဖွဲ့အစည်းကို နာမည်ပြောင်းထားသည့်အတွက် အလိုအလျောက် တရားမဝင် အဖွဲ့အစည်းသာဖြစ်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ပြောကြား

မဘသ အမည်မှ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဟု နာမည်ပြောင်း ဖွဲ့စည်းထားသော်လည်း တရားမဝင်အဖွဲ့အစည်းကို နာမည်ပြောင်းထားသည့်အတွက် အလိုအလျောက် တရားမဝင် အဖွဲ့အစည်းသာဖြစ်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ပြောကြား
Published 1 September 2018

မဘသ အမည်မှ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဟု နာမည်ပြောင်း ဖွဲ့စည်းထားသော်လည်း တရားမဝင်အဖွဲ့အစည်းကို နာမည်ပြောင်းထားသည့်အတွက် အလိုအလျောက် တရားမဝင်အဖွဲ့အစည်းသာဖြစ်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးအား သတင်းထောက်များက မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မဘသအဖွဲ့အမည်မှ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဟု နာမည်ပြောင်း၍ ဖွဲ့စည်းထားမှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးအား မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က “ပထမကတော့ မဘသအဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ နောက်အခြေအနေအရ အဲဒါကို  ဖျက်သိမ်းပြီးတော့မှ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဆိုပြီး ပြင်ဆင်ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ ခုနက ဒီစက်တင်ဘာလဆန်းတုန်းက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းထောက်ခံပွဲဆိုတာ ရန်ကုန်မှာလုပ်ခဲ့ပါတယ်။ ထောက်ခံပွဲလုပ်တယ်ဆိုတာ ထောက်ခံသူနည်းလို့ သို့မဟုတ် ထောက်ခံသူမရှိလို့ ထောက်ခံပွဲ လုပ်ရတာပါ။ ပြည်သူတွေသာ တစ်ခဲနက်ထောက်ခံနေမယ်ဆိုရင် ဒါလုပ်ဖို့တောင် မလိုပါဘူး။ ဘယ်အသင်း ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ပြည်သူရဲ့ ထောက်ခံအားပေးမှု နည်းလို့သာ ဒီလို ပွဲမျိုးလုပ်ရတာပါ။ ဆိုင်းဘုတ်တွေနဲ့ပတ်သက်လို့လည်းလေ။ ဆိုင်းဘုတ်က ပြည်နယ်၊ တိုင်း များမှာလည်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာ မရှိပါဘူး။ အရင် မဘသ ဆိုင်းဘုတ်ထောင်ခဲ့တဲ့ မန္တလေးနဲ့ ဘားအံနှစ်နေရာလောက်သာ ဆိုင်းဘုတ်ရှိတာပါ။ ဆိုင်းဘုတ်ရှိတော့လေ။ ဒါလည်း ဖြုတ်ဖြုတ်၊ မဖြုတ်ဖြုတ် ဆိုင်းဘုတ်က သက်ဝင်လှုပ်ရှားမှု မရှိတော့တဲ့ဆိုင်းဘုတ်များသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါနဲ့ ပတ်သက်ပြီးတော့လေ။ ဘာမှ ရေးကြီးခွင်ကျယ် သဘောထားပြီးမှ အတင်းဖြုတ်သိမ်းဖို့ ဘာတွေလုပ်ဖို့အစီအစဉ်မရှိပါဘူး။ မလုပ်ပါဘူး။ ပြောချင်တာလေးကတော့ ပြည်သူထောက်ခံမှုမရှိတဲ့ မည်သည့်အဖွဲ့အစည်းမျိုးမဆို သူ့ဘာသာသူပဲ မှေးမှိန် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်လို့ ဖြေကြားချင်ပါတယ်။ မဘသအဖွဲ့ကြီးကို သံဃမဟာ နာယကအဖွဲ့ကြီးက တရားဝင်တဲ့ ဘာသာရေး အဖွဲ့အစည်းမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲဒီကနေ မဘသနာမည်ကနေပြီးမှ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဆိုပြီး နာမည်ပြောင်းပြီး ဖွဲ့စည်းပါတယ်။ တရားမဝင်တဲ့ အဖွဲ့အစည်းကို နာမည်ကနေပြီးမှ ပြောင်းဖွဲ့စည်းတဲ့ အဖွဲ့အစည်းကလည်းပဲ မူလကတည်းက အလိုအလျောက် တရားမဝင်အဖွဲ့အစည်းသာ ဖြစ်တယ်လို့ပြောကြားပါရစေ” ဟု ပြောကြားသည်။

Most Read

Most Recent