သီလဝါ အများပိုင်ကုမ္ပဏီအုပ်စု၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အခွန်နုတ်ပြီး အသားတင်အမြတ် ကျပ် ၁၂ ဒသမ ၉ ဘီလျံသာ ရရှိကာ ယခင်ဘဏ္ဍာနှစ်ထက် ကျပ် ၁၀ ဘီလျံကျော် ကျဆင်း

သီလဝါ အများပိုင်ကုမ္ပဏီအုပ်စု၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အခွန်နုတ်ပြီး အသားတင်အမြတ် ကျပ် ၁၂ ဒသမ ၉ ဘီလျံသာ ရရှိကာ ယခင်ဘဏ္ဍာနှစ်ထက် ကျပ် ၁၀ ဘီလျံကျော် ကျဆင်း
Published 1 September 2018

တွဲဖက်ကုမ္ပဏီများမှ အမြတ်ငွေ ကျပ် ၁၀ ဘီလျံကျော် ကျဆင်းမှုကြောင့် MTSH(Myanmar Thilawar SEZ Holdings Pulbic Limited)  ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အခွန်နုတ်ပြီး အသားတင်အမြတ် ကျပ် ၁၂ ဒသမ ၉ ဘီလျံသာရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ကျပ် ၁၀ ဘီလျံကျော် ကျဆင်းခဲ့သည်ဟု MTSH ဥက္ကဋ္ဌ ဦးဝင်းအောင် က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။

သီလဝါ အများပိုင်ကုမ္ပဏီအုပ်စု၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုများ ကို TPD နှင့် MJTD တွင် အများဆုံးမြှုပ်နှံခဲ့ သော်လည်း အဆိုပါကုမ္ပဏီများတွင် အမြတ်ရရှိမှု ကျဆင်းခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်  လုပ်ငန်းစုကြီးတစ်ခုလုံး အသားတင်အမြတ် ကျပ် ၁၂ ဒသမ ၉၂ ဘီလျံရရှိခဲ့ပြီး အရင်နှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အသားတင်အမြတ် ကျပ် ၂၂ ဒသမ ၃၁၇ ဘီလျံရရှိခဲ့ပါ တယ်။ လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့  အသားတင်အမြတ် (Group Net Profit) လျော့နည်းခဲ့ ပေမယ့်လည်း ကျွန်တော်တို့ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ TPD ဟာ အရင်နှစ်မှာ ဝင်ငွေကျပ်  ၈ ဒသမ ၄၅၇ ဘီလျံရရှိခဲ့ရာ က အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ စံချိန်တင် လုပ်ငန်းတိုးတက်မှုနှုန်း ၁၇ ဒသမ ၄၆ ရာခိုင်နှုန်းနဲ့ ဝင်ငွေကျပ်  ၉ ဒသမ ၉၃၄ ဘီလျံ တိုးတက်ခဲ့ပါတယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

အဆိုပါ ဝင်ငွေတိုးတက်ရရှိလာမှုမှာ TPD မှ ဖော်ခဲ့လိုက်သော Thilawar SEZ Residential and Commercial  ဇုန်အတွင်း Japan Hotel Chain တစ်ခုဖြစ်သော Super Hotel ကို လာရောက်၍ တည်ဆောက်ဖွင့်လှစ်ရန် အောင်မြင်စွာ ဖိတ်ခေါ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဦးဝင်းအောင်က ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ပြောကြားသည်။

TPD (Thilawa Property Development) အနေဖြင့် တိုးတက်မှုနှေးကွေးနေသည့် အိမ်ခြံမြေကဏ္ဍမှ ကျပ် ၃ ဒသမ ၈ ဘီ လျံရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး MJTD (Myanmar Japan Thilawa Depement) ကုမ္ပဏီ၏ ဝင်ငွေအားဖြင့် ရှစ်ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း အကြမ်းအမြတ်တွင်မူ နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ MTSH ကုမ္ပဏီအုပ်စုအနေဖြင့်၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အခွန်လျာထားပြီး အသားတင်အမြတ် ကျပ် ၂၂ ဒသမ ၃ ဘီလျံ အ ထိရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် ရှစ်ရာခိုင်နှုန်း တိုးတက်ကာ  ရှယ်ယာတစ်စုဝင် ငွေ ၅၅၃ ကျပ်အထိ ရှိခဲ့သည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ အခွန်မလျာထားမီ  အသားတင်အမြတ်မှာ ကျပ် ၁၂၉၆၄ သန်းသာရှိပြီး ယခင်နှစ်ကရရှိခဲ့သည့် ကျပ် ၂၂ ဒသမ ၈၄၁ ဘီလျံထက် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထို့ပြင် အခွန်နုတ်ပြီး အသားတင်အမြတ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကျပ် ၂၂၃၁၇ သန်းအထိ ရှိခဲ့သော်လည်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၂၉၂၁ သန်း သာရှိပြီး ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

MTSH ကုမ္ပဏီ အုပ်စုအနေဖြင့်ထိုသို့ အမြတ်ငွေကျဆင်းမှု၌ တွဲဖက်ကုမ္ပဏီများမှ အမြတ်ငွေ ကျပ် ၇ ဒသမ ၇ ဘီလျံ ကျဆင်းမှု နှင့် အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်မှု ဈေးနှုန်းတည်ငြိမ်ခဲ့ခြင်းကြောင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ကကဲ့သို့ ငွေကြေးလဲလှယ်မှုအမြတ်ငွေကျပ် ၂ ဒသမ ၆ ဘီလျံကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အမြတ်ငွေ ကျဆင်းမှုကြောင့် အစုရှယ်ယာများ၏ အမြတ်ဝေစုခွဲဝေပေးနိုင်မှုမှာလည်း ဘဏ္ဍာနှစ်သုံးနှစ်အတွင်း စံချိန်တင် အနိမ့်ဆုံး ခွဲဝေမှုဖြစ်ခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၂၃၀ သာ ခွဲဝေပေးနိုင်မည်ဖြစ်သည်။ အစုရှယ်ယာများအတွက် အမြတ်ဝေစုခွဲဝေမှုများအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်ရန် ကုန်စတော့အိတ်ချိန်း၌ MTSH စာရင်းဝင်သည့် သီလဝါရှယ်ယာမှာ အစုပေါင်း   ၃၈၉၂၉၁၅ စုသာရှိသဖြင့် ရှယ်ယာတစ်စု ကျပ် ၂၅၀၀ အ မြတ်ခွဲဝေခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ရှယ်ယာတစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သည့်အတွက် ၃၈၉၂၉၁၅၀ စုသို့ ရောက်ရှိလာသဖြင့် ရှယ်ယာတစ်စုအတွက် အမြတ်ခွဲဝေမှု ကျပ် ၂၆၀ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ခွဲဝေပေးမည့် ပမာဏမှာ ကျပ် ၁၀၁၂၁ ဒသမ ၅၈ သန်းရှိကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမြတ်ခွဲဝေမှုဖြစ်သည့် ကျပ် ၉၇၃၂ သန်း ကျော်ထက် သာလွန်ခဲ့သည်။ ထိုသို့ ယခင်နှစ်က အမြတ်ခွဲဝေမှု သာလွန်ခဲ့သော်လည်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ကျပ်သန်း ၈၉၅၃ ဒသမ ၇၀ သာ ခွဲဝေပေးမည်ဖြစ်ပြီး ယမန်နှစ်ကထက် အမြတ်ခွဲဝေပေးနိုင်မှု တစ်ဘီလျံကျော် ကျဆင်းခဲ့သည်။

 

Most Read

Most Recent