တောင်ကြီးခရိုင်တွင် မြို့နယ်ပေါင်းကိုးခုကျော်ရှိ သီးနှံစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကူးစက်ဖျက်ဆီးခံနေရပြီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

တောင်ကြီးခရိုင်တွင် မြို့နယ်ပေါင်းကိုးခုကျော်ရှိ သီးနှံစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကူးစက်ဖျက်ဆီးခံနေရပြီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
Published 1 September 2018

ငမြှောင်တောင်ဥများနှင့် ငမြှောင်တောင်ပိုးများအား တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင် မြို့နယ်ပေါင်း ကိုးခုကျော်တို့တွင် ငမြှောင်တောင်ပိုး ကူးစက်ဖျက်ဆီးခံနေရပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဌာနမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သြဂုတ် ၃၁ ရက်တွင် တောင်ကြီး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က အတည်ပြု ပြောကြားသည်။

တောင်ကြီးခရိုင်တွင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ကလောမြို့နယ်တို့တွင် ငမြှောင်တောင်ပိုး ကျရောက်ခြင်းအခြေအနေ မရှိသေးဘဲ ဟိုပုံး၊ ဆီဆိုင်၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ အင်တော၊ ပင်လောင်း၊ နောင်တရား နှင့် ဖယ်ခုံစသော ကိုးမြို့နယ်တွင် ကျရောက်နေကြောင်း သိရသည်။

ရှမ်းတောင်၊ တောင်ကြီးခရိုင်တွင် ဟိုပုံးမြို့နယ်တွင် ၈၃ ဧက၊ ဆီဆိုင်တွင် ၄၆ ဧက၊ ပင်းတယတွင် ၂၅ ဧက၊ ရွာငံတွင် ၆၄ ဒသမ ၅၀ ဧက၊ ရပ်စောက်တွင် ၅၈ ဧက၊ အင်တောတွင် ၉၄၄ ဧက၊ ပင်လောင်းတွင် ၅၀ ဧက၊ နောင်တရားတွင် ၅၀ ဧက၊ ဖယ်ခုံတွင် ၃၅ ဧက၊ စုစုပေါင်း ခရိုင်ချုပ် ကျရောက်ဧကပေါင်း ၁၃၅၆ ဒသမ ၅၀ ဧက ရှိနေပြီး ထိခိုက်ဧက ပေါင်း ၁၂၈ ဒသမ ၅၀ ဧက ရှိကြောင်း၊ ပျက်စီး ဧကပေါင်း ၆၂ ဧက ရှိကြောင်း စာရင်းများအရ သိရသည်။

အဆိုပါ ထိခိုက်ပျက်စီးခဲ့သော နေရာများတွင် ပြည်နယ်ဘတ်ဂျက်ဖြင့် စိုက်ပျိုးရေး သုံးပစ္စည်းများ၊ ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်မှာ စုစုပေါင်း ခရိုင်ချုပ် တန်ဖိုး ၃၃ သိန်းကျော်ဖိုးပေးအပ်ခဲ့ကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများမှ ထောက်ပံ့ပေးမှုမှာ စုစုပေါင်း ခရိုင်ချုပ် ငါးသိန်းကျော်ဖိုးရှိကြောင်း၊ ထပ်မံ ထောက်ပံ့ပေးရန် လိုအပ်ချက်အားဖြင့် ကျပ် သိန်း ၁၂၂ သိန်းကျော်တန်ဖိုး လိုအပ်နေသေးကြောင်း သိရသည်။

“အခုကတော့ အကုန်လုံးဖြစ်နေတယ်။ တောင်ကြီးမကျဘူး။ ညောင်ရွှေ၊ ကလော၊ ကျောက်တစ်လုံးကြီး မကျဘူး။ ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်။ ကူညီထောက်ပံ့မှုတွေ ပေးထားတာ ရှိတယ်။ လိုအပ်ချက်တွေလည်း ရှိနေသေးတယ်။ စိုက်ပျိုးရေးဌာနနဲ့ ပညာပေး ဆောင်ရွက်နေပါတယ်” ဟု တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောကြားသည်။

ငမြှောင်တောင် ပိုးကောင်အမသည် ပျံသန်းနိုင်ကာ ရောက်ရာအရပ်တွင် ဥများ ဥချလေ့ရှိကြောင်း၊ အဆိုပါ ဥမှ ပေါက်ပွားလာသော အကောင်သည် အပင်များကို စားသောက် ဖျက်ဆီးတတ်ကြောင်း၊ အဆိုပါ ဥများကို အချိန်မီနှိမ်နင်းရန် လိုအပ်ကြောင်း၊ မြို့နယ်တွင်း ငမြှောင်တောင်ပိုးများ ကျရောက်ခြင်း လတ်တလော မရှိသေးကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမင်းစိုးက ပြောကြားသည်။

ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းတို့တွင် ငမြှောင်တောင် အဖျက်ပိုးကျရောက်နေသဖြင့် စပါးခင်း၊ ပြောင်းခင်းများသည် ညတွင်းချင်းပျက်စီးနေကြပြီး အင်မတန်စိုးရိမ်ဖွယ်ရာကောင်းအောင် ဖြစ်နေသဖြင့် အမျိုးသားရေးအဆင့်အနေဖြင့် ရှမ်းပြည်နယ်အစိုးရမှ အဆိုပါ ကိစ္စကို ချက်ချင်းအရေးပေါ် နှိမ်နင်းဖြေရှင်းပေးရန် လိုအပ်နေပြီဖြစ်ကြောင်း စိုက်ပျိုးတောင်သူများက ပြောကြားသည်။

အဆိုပါ ငမြောင်တောင်ပိုးများသည် ရုပ်ဖုံးအဆင့်မှ အကောင်ဘဝသို့ ကူးပြောင်းသွားချိန်တွင် ညတွင်းချင်း တစ်ညလျှင် မိုင် ၆၀ ပျံသန်းနိုင်ပြီး အဆိုပါရုပ်ဖုံးအဆင့်ကို ၁၄ ရက်အတွင်း နှိမ်နင်းနိုင်ခြင်းမရှိပါက ရှမ်းပြည်နယ်အတွင်း မိုင်ထောင်ပေါင်းများစွာကို ချက်ချင်းပျံ့နှံ့သွားနိုင်သည့် အခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း စိုက်ပျိုးတောင်သူများက ပြောကြားသည်။

Most Read

Most Recent