မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အုတ်ဖိုမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၃၁ ကျောင်း ယာယီပိတ်ထားခဲ့ရာမှ ၁၅ ကျောင်းပြန်လည်ဖွင့်လှစ်

မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အုတ်ဖိုမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၃၁ ကျောင်း ယာယီပိတ်ထားခဲ့ရာမှ ၁၅ ကျောင်းပြန်လည်ဖွင့်လှစ်
Published 1 September 2018

အုတ်ဖိုမြို့နယ်တွင် ရေဝင်နစ်မြုပ်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းတစ်ကျောင်းကို သြဂုတ် ၃၀ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာ ဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၃၁ ကျောင်း ယာယီပိတ်ထားခဲ့ရမှာ ၁၅ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် သြဂုတ်၂၈ရက်က ကျောင်းပေါင်း လေးကျောင်း၊ သြဂုတ်၂၉ ရက်က ကျောင်းပေါင်း ၁၄ ကျောင်း၊ သြဂုတ် ၃၀ ရက်တွင် ကျောင်းပေါင်း ၁၀ကျောင်း ပိတ်ထားခဲ့ရကြောင်း အုတ်ဖိုမြို့နယ်ပညာရေးမှူးရုံးက သိရသည်။

“သြဂုတ် ၃၀ ရက် နံနက်ပိုင်းအထိတော့ ကျောင်းပေါင်း ၂၅ ကျောင်းရှိသွားပါပြီ။ ပိတ်ထားတဲ့ကျောင်းတွေကိုတော့ ပိတ်ရက်ဖြစ်တဲ့ အဖိတ်ဥပုသ်နေ့တွေမှာ ပြန်လည်အစားထိုး တက်ပါမယ်။ မနှစ်တုန်းကတော့ အဲလိုမဖြစ်ဖူးဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ ဖြစ်ဖူးတယ်” ဟု အုတ်ဖို့မြို့နယ်ဒုတိယပညာရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

ရေဝင်နစ်မြုပ်မှုကြောင့် သြဂုတ်၂၉ ရက် ညနေပိုင်းက ၁၀ တန်းကျောင်းသားတစ်ဦးရေနောက် မျောပါပျောက်ဆုံးမှုလည်း ဖြစ်ပွားခဲ့သေးကြောင်း ယင်းရုံးက သိရသည်။

“မနေ့ကထိတော့ ၂၈ ကျောင်းပိတ်လိုက်ရတာပါ။ ဒီနေ့ကတော့ ၁၅ ကျောင်းပြန်ဖွင့်တယ်။ ဒီနေ့မှာပိတ်ရတဲ့ ကျောင်းကတော့ သုံးကျောင်းရှိပါတယ်” ဟု အုတ်ဖိုမြို့နယ် ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းတွင် ပြောကြားသည်။

ယင်းမြို့နယ်အတွင်း ရေဝင်ရောက်လာမှုမှာ သြဂုတ်၂၇ ရက်ကစတင်ခဲ့ပြီး သြဂုတ် ၂၈ ရက်ည စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုပိုမိုဖြစ်ပွားခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရေပြန်ကျသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent