ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်များတွင် ဆောင်းငမြှောင်တောင်ပိုးများ ကျရောက်ပြီး သီးနှံများကိုက်ဖြတ်သောကြောင့် တောင်သူများ အခက်တွေ့နေ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်များတွင် ဆောင်းငမြှောင်တောင်ပိုးများ ကျရောက်ပြီး သီးနှံများကိုက်ဖြတ်သောကြောင့် တောင်သူများ အခက်တွေ့နေ
Published 1 September 2018

ဆောင်းငမြှောင်တောင်ပိုးများ ကျရောက်ပြီး သီးနှံများကိုက်ဖြတ်နေစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်များတွင် ဆောင်းငမြှောင် တောင်ပိုးများကျရောက်ပြီး သီးနှံများကိုက်ဖြတ်သောကြောင့် တောင်သူများ စားဝတ်နေရေးအတွက် ပူပန်နေကြရကြောင်း သိရသည်။

“၂၉ ရက်က စကျတာတွေ့တယ်။ အရွက်တွေ အကုန်ပြောင်နေတာပဲကော။ အသီးတွေဆို အထဲထဲမှာစုနေကြတာ။ အသီးနုတွေ အကုန်ကုန်တာပဲ။ ကျွန်မတောင်ယာ ဘေးပတ်လည် ဧက ၃၀ လောက်ကုန်ပြီ။ ကျန်တဲ့နေရာတွေတော့ သေချာမသိဘူး။ ပြောင်းက ဒီနှစ်ဈေးကောင်းမယ်ဆိုလို့လေ ကောင်းကောင်းကျကျနန စိုက်ထားတာ” ဟု ဖယ်ခုံမြို့နေ တောင်သူမူနန်းက ဆိုသည် ။

ငမြှောင်တောင်ပိုးများ ဖလံအနေဖြင့် စတင်ကျရောက်ပြီး ဖလံမှ ဥဥကာ ပိုးဖြစ်ပြီး နောက်သီးနှံများအား ဖျက်ဆီးပြီးမှ သာသိရှိရသည့်အပြင် ပိုးသတ်ဆေးများ အသုံးပြုသတ်သော်လည်း ဆက်လက်ဖျက်ဆီးနေကြောင်း တောင်သူများထံမှ သိရသည် ။

“ပြောင်းဖူးက တစ်ခါမှမဖြစ်ဖူးဘူးလေ။ ပဲကပြိုသွားတော့ ပြောင်းပဲအားကိုးရမှာ။ ပြောင်းသာပြိုသွားရင် မလွယ်ဘူး။ ငမြှောင်တောင်က ပထမဆုံးစကျတာက သစ်မွှေးက စကျတာ။ သစ်မွှေးတို့၊ ထောပတ်တို့ကျတအားနုတာ ပိုးတအားကြိုက်တယ်။ စပါးတို့၊ နှမ်းတို့ ပါကျနိုင်တယ်။ တချို့က ပိုးမကျခင် မြောင်းတူးပြီး ဆားရည်တို့၊ ငရုတ်ရည်တို့ထည့်ကြတယ်။ ဒါကကျွန်တော့်အမြင်တော့ ပိုးတုံးလုံးကနေ ဖလံပြန်ပေါက်။ ဖလံကပျံမယ်ဆိုတော့ တစ်ညကို ကီလိုမီတာ ၁၀၀ လောက် ပျံနိုင်တယ်လေ။ ကျသွားတဲ့အခင်းကို ခုတ်ပြီးမီးရှို့ ဓာတုပိုးသတ်ဆေးနဲ့အုပ်လိုက်ရမှာ။ ဖလံက မီးထောင်ချောက်ပဲနိုင်မယ်” ဟု ကယားပြည်နယ် ပြောင်းစိုက်ပျိုးသူများအသင်းမှ ဦးမြင့်မောင်က ပြောကြားသည် ။

ပြောင်းကို စနစ်တကျစိုက်ပျိုးပါက တစ်ဧကလျှင် ကုန်ကျစရိတ် လေးသိန်းနီးပါးရှိမည်ဖြစ်ပြီး ပုံမှန်စိုက်ပျိုးပါက နှစ်သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ပြောင်းနှင့်စပါးကို အဓိကထားစိုက်ပျိုးနေသည့် ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုအများဆုံးရှိ နေဆဲဖြစ်သဖြင့် နှစ်စဉ်ဘိန်းအစားထိုးသီးနှံများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများလက်ရောက်ပေးအပ်ကြပြီး စိုက်ပျိုးရေးနည်းပညာများကို ပို့ချပေးနေကြောင်း သိရသည်။                               မခိုင်

Most Read

Most Recent