တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ Page အပါအဝင် တပ်မတော် Page အချို့ကို Facebook က ပိတ်သိမ်းမှုအပေါ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် အရေးကြီးအဆိုတင်သွင်းရန် တင်ပြခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌ ခွင့်မပြု

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ Page အပါအဝင် တပ်မတော် Page အချို့ကို Facebook က ပိတ်သိမ်းမှုအပေါ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် အရေးကြီးအဆိုတင်သွင်းရန် တင်ပြခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌ ခွင့်မပြု
Published 1 September 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏  Page အပါအဝင် တပ်မတော် Page အချို့ကို Facebook  က ပိတ်သိမ်းမှုအပေါ် အဆိုတင်သွင်းရန်တင်ပြခဲ့သော်လည်း လွှတ်တော် ဥက္ကဋ္ဌခွင့်မပြုကြောင်း အဆိုတင်သွင်းရန် တင်ပြခဲ့သူ ပြည်ခိုင်ဖြိုးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များအား ပြောကြားသည်။

“ဖေ့စ်ဘွတ်က ဒီလိုလေးလုပ်တယ်ဆိုတာ သာမန်ပြည်သူတွေအနေနဲ့တော့ ဒီလိုပဲ မြင်ကောင်းမြင်လိမ့်မယ်။ သို့သော်လည်း ဒီအကြောင်းအရာတွေဟာ အခုမှ ဝုန်းခနဲ ထပေါက်လာတာ မဟုတ်ဘူး။ တို့တိုင်းပြည်၊ တို့နိုင်ငံမှာ အရင်တုန်းကလည်း အနောက် အုပ်စုနဲ့ အရှေ့အုပ်စုနဲ့ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်နဲ့ ပြဿနာတွေ အများကြီးရှိခဲ့တယ်။ အကြောင်းအရာတွေကို အကုန်လုံး ခြုံကြည့်လိုက်လို့ရှိရင် သာမန်ဖြစ်နေတဲ့ ဖြစ်စဉ်မဟုတ်ဘူး။ သာမန်ကို မထားနိုင်လို့ အရေးကြီးအဆိုကိုတင်တာ။ ဒီဟာကို နည်းဥပဒေနဲ့ မကိုက်ညီဘူး။ ဘယ်နည်းဥပဒေလဲလို့ပြောတော့ ပြည်သူ့လွှတ်တော် ဥပဒေ ၁၆၃ (က) (၂) အရ အဲဒီ (က)(၂) အရ အချက်သုံးချက်ရှိတယ်။ အဆိုတစ်ရပ်ဟာ လောလောဆယ်ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်ရမယ်။  နောက်အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ရမယ်။ လွှတ်တော်မှာ ဆုံးဖြတ်ချက် ရယူရမယ့် ကိစ္စဖြစ်ရမယ်။ ရောက်ရောက်ချင်းပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ သွားတွေ့တယ်။ ကျွန်တော့်အဆိုက ဒီသုံးချက်လုံးနဲ့ မညီဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲလို့။ လတ်တလော ဖြစ်ပေါ်နေတဲ့ကိစ္စ၊ လောလောဆယ် ဖြစ်နေတဲ့ကိစ္စ၊ အများပြည်သူနဲ့ မသက်ဆိုင်ဘူးလို့ ပြောရအောင်လည်း တပ်မတော်က အများပြည်သူနဲ့ မသက်ဆိုင်ဘူးလား”  ဟု ဦးသောင်းအေးက ပြောကြားသည်။

တင်သွင်းခွင့်မရခဲ့သည့် အရေးကြီးအဆိုမှာ Facebook အဖွဲ့မှ မြန်မာ့တပ်မတော်၏ လူမှုကွန်ရက်များနှင့် မြဝတီရုပ်မြင်သံကြား လူမှုကွန်ရက်စာမျက်နှာများကို UNHCR အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အမုန်းစကားပွားစေခြင်း၊ ၎င်းတို့၏စံနှုန်းများဖြင့် မကိုက်ညီခြင်းတို့ကို အကြောင်းပြ၍ ပိတ်ပင်ဖယ်ရှားလိုက်ခြင်းသည် မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှု ပြုလုပ်ကြောင်း စွပ်စွဲအတည်ပြုလိုက်သည့်သဘော သက်ရောက်ပြီး နိုင်ငံတော်နှင့် တပ်မတော်တို့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးစော်ကားရာ ရောက်ရှိနေသည့်အတွက် ယင်းလုပ်ဆောင်မှုကို တရားဝင် တုံ့ပြန်ကန့်ကွက်နိုင်ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းဖြစ်သည်။

Most Read

Most Recent