နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအား တူညီသောလုပ်ငန်းအလိုက်စုဖွဲ့ပြီး နိုင်ငံပိုင်လုပ်ငန်းပြုပြင်ပြောင်းလဲရေး စီမံချက်နှင့် မဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်ပေးရန် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်း

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအား တူညီသောလုပ်ငန်းအလိုက်စုဖွဲ့ပြီး နိုင်ငံပိုင်လုပ်ငန်းပြုပြင်ပြောင်းလဲရေး စီမံချက်နှင့် မဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်ပေးရန် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်း
Published 1 September 2018

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကြီးများအား တူညီသောလုပ်ငန်း အလိုက်စုဖွဲ့ပြီး နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး စီမံချက်နှင့် မဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ သြဂုတ် ၃၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့တွင် ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်က မတူကွဲပြားသော လုပ်ငန်းသဘာ၀ ရှိကြသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများအား သဘာဝအားဖြင့် တူညီသော လုပ်ငန်းအလိုက် တူရာစုဖွဲ့ပြီး အုပ်စုတစ်ခုစီနှင့် ဆီလျော်သော ပြုပြင်ပြောင်းလဲရေးမူဝါဒများ ချမှတ်ပြီး အားလုံးကို လွှမ်းခြုံနိုင်သည့် နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး စီမံချက်နှင့် မဟာဗျူဟာ တစ်ရပ်ချမှတ် အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ကျွန်မအနေနဲ့ ယခုအဆိုကို တင်သွင်းရခြင်းဟာ နိုင်ငံပိုင်လုပ်ငန်းအများစု အရှုံးပေါ်နေပြီး ၎င်းင်းအရှုံးပေါ်ခြင်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနေရခြင်းနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများရဲ့ ပိုင်ဆိုင်မှု ပုံစံမှားယွင်းနေခြင်းတို့ကြောင့် ဖြစ်ပါတယ်” ဟု အဆိုရှင် ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာတွင် ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်ခြင်း အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပေါင်း ၃၂  ခုရှိပြီး ၎င်းနိုင်ငံပိုင်လုပ်ငန်းများမှာ အလုပ်အကိုင်အားဖြင့် ၁၄၅,၀၀၀ ကျော်ခန့် ရှိကာ ပြည်သူ့ဝန်ထမ်းအားလုံး၏ ၁၅ ရာခိုင်နှုန်းနှင့် တစ်ပြည်လုံးတွင် အလုပ်လုပ်နေကြသည့် လုပ်သား ၂၂  ဒသမ ၇ သန်း၏ ၁ ရာခိုင်နှုန်းအောက်တွင်ရှိကြောင်း အဆိုရှင်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများသည် လုပ်ငန်းသဘာဝအားဖြင့် လွန်စွာခြားနားကြပြီး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ ဝင်ငွေထွက်ငွေသည် အစိုးရ တစ်ရပ်လုံး၏ ဝင်ငွေနှင့် အသုံးစရိတ်အားလုံး၏ သုံးပုံတစ်ပုံထက်ကျော်လွန်နေပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်နေကာ လွန်ခဲ့သော လေးနှစ်အတွင်း နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ ဝင်ငွေနှင့်အသုံးစရိတ် စုစုပေါင်းသည် ဂျီဒီပီ၏ ၃၅ ရာခိုင်နှုန်းနှင့် ၄၅ ရာခိုင်နှုန်းကြားတွင် ရှိခဲ့ကြောင်း၊ နိုင်ငံပိုင် လုပ်ငန်းများ၏ ရောင်းရငွေသည်  ဂျီဒီပီ၏ ခုနစ်ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရကြောင်း၊ နိုင်ငံပိုင်လုပ်ငန်းများ၏ အကြမ်းအမြတ်နှင့် အသားတင်အမြတ်သည်လည်း ကဏ္ဍတိုင်းတွင် ကျဆင်းလာသည်ကိုတွေ့ရကာ ၂၀၁၄-  ၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်စီးပွားရေး ကဏ္ဍမှ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းငွေသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ပြန်လည်ထုတ်ယူသုံးစွဲငွေထက် နိမ့်ကျလာခြင်းကြောင့် နိုင်ငံပိုင်စီးပွားရေး ကဏ္ဍ၏အရှုံးပမာဏသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၏ ၀ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

“၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ စတင်ခဲ့တဲ့ နိုင်ငံပိုင်လုပ်ငန်းပြုပြင်ပြောင်းလဲရေးဟာ ရည်ရွယ်ချက်ကောင်းတွေနဲ့ ဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအများစုဟာ အရှုံးပေါ်နေကြပြီး အခြေခံအဆောက်အအုံနဲ့ဆိုင်တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်စရိတ်မြင့်တက်လာပြီး သဘာ၀ သယံဇာတရောင်းရငွေ ကျဆင်းလာတဲ့အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအားလုံးရဲ့ စုစုပေါင်းအရှုံးငွေဟာ တိုင်းပြည်ဂျီဒီပီရဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်စီးပွားရေး  လုပ်ငန်းများရဲ့ ထုတ်လုပ်မှုနဲ့ ပြိုင်ဆိုင်မှုစွမ်းအားများ ကျဆင်းနေပြီး လုပ်ငန်းဆောင်ရွက်မှု စရိတ်စကတွေ တိုးလာခြင်းတို့ကြောင့် အမြတ်အစွန်း ရရှိနိုင်စွမ်းတွေ ကျဆင်းနေတဲ့အတွက် နိုင်ငံပိုင်စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ ပြည်ထောင်စုအစိုးရကိုယ်စား နိုင်ငံပိုင်စီးပွားရေးဘဏ္ဍတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုပုံစံ၊ စီမံခန့်ခွဲခြင်းနဲ့ ကြပ်မတ်စစ်ဆေးခြင်းတို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည်ဖော်ကြပ်မတ်ဖို့ လိုအပ်လျက်ရှိပါတယ်” ဟု ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောကြားသည်။

အဆိုပါ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကြီးများအား တူညီသောလုပ်ငန်းအလိုက်စုဖွဲ့ပြီး နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး စီမံချက်နှင့် မဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်ပေးရန် အဆိုကို မင်္ဂလာဒုံမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်ကလည်း လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။

Most Read

Most Recent