<

ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ လာသူများအား အချိန်မီ ကူညီပေးရေး အရေးကြီးအဆို ပြည်နယ်လွှတ်တော်သို့ တင်သွင်း

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၇) ဒုတိယနေ့ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများရဲ့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းလာကြသည့် ဒုက္ခသည်များနှင့် သြဂုတ်လ ၂၅ ရက်နေ့မှ ယနေ့အထိ အကြမ်းဖက်သမားများ၏ မိုင်းများ၊ သေနတ်များကြားတွင် ပိတ်ဆို့နေသည့် ဒေသခံဌာနေ တိုင်းရင်းသားများအား အချိန်မီ ကူညီကယ်ဆယ်ရေးနှင့် အခြေခံရိက္ခာ ထောက်ပံ့ပေးရေးအား အဆောတလျင် ဆောင်ရွက်ပေးပါရန် ရခိုင်ပြည်နယ် အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုအား မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်မှ သြဂုတ်လ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး ဦးထွန်းသာစိန်က “ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တွေက ကျေးရွာတွေမှာ မှိုင်းတွေထောင်နေကြတယ်။ အဲဒီကျေးရွာတွေကို အချိန်မီကယ် တင်ရေးနဲ့ နေရပ်စွန့်ခွာသူတွေကို အချိန်မီ ကူညီထောက်ပံ့ပေးဖို့ ရခိုင်ပြည်နယ်အစိုးရမှ ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းပေးစေလိုကြောင်း အဆိုဖြစ်တယ်။ ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါတယ်။ လက်ရှိမောင်တောဒေသခံတွေရဲ့ လုံခြုံရေး အခြေအနေကို ပြောရရင် အကုန်လုံး ပြည့်စုံတယ်လို့ ပြောလို့မရဘူး၊ ပိတ်မိနေတဲ့ ကျေးရွာတွေ အများကြီးရှိတယ်။ တစ်ချို့ကျေးရွာတွေမှာ အကြမ်းဖက်သမားတွေက မှိုင်းတွေထောင်ထားတယ်။ ရွာနဲ့အနီး တောင်တွေမှာ ခိုအောင်နေရတယ်။ မကြာခင်ရက်ပိုင်းမှာ စားသောက်ရေး ခက်ခဲလာမယ်။ ပြီးတော့ အကြမ်းဖက်သမားတွေကလည်း ၀င်ပြီးတော့ မတိုက်ဘူးလို့ ပြောလို့မရဘူး။ လုံခြုံရေးရှိပေမယ့် စိတ်ချရတဲ့ အနေအထား မဟုတ်ဘူး။ ပိတ်မိနေသူတွေကို အချိန်မီ ကယ်ထုတ်နိုင်ဖို့လိုတယ်။ အဲဒါကြောင့် အရေးကြီးအဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကျေးရွာ ၅၃ ရွာ ပိတ်မိနေပြီး တောင်ပိုင်းတွင် ၁၇ ရွာနှင့် အရှေ့ပိုင်းတွင် ၈ ရွာခန့်ပိတ်မိနေသည့်အတွက် ကယ်ထုတ်ပေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးရှိသော်လည်း ပြည့်စုံခြင်း မဟုတ်သေးသည့်အတွက် ထိုသို့စိုးရိမ်စွာ အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်းနှင့် ယင်းအဆိုအား မြေပုံမြို့အမှတ် (၁) မဲဆန္ဒနယ်မှ ဦးအောင်ဝင်းက ထောက်ခံဆွေးနွေး ခဲ့ကြောင်းလည်းလည်း ဦးထွန်းသာစိန်က ပြောကြားခဲ့ပါသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးအောင်ဝင်းက “အခုအချိန်မှာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် တွေက ရခိုင်တိုင်းသားတွေဟာ ဘင်္ဂါလီ အကြမ်းဖက်သားမတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတယ်။ “ကျွန်တော်တို့ဟာ ဒေသခံ တိုင်းရင်းသားတွေ ဖြစ်ပါလျက်ကယ်နဲ့ ခိုးဝင်ဘင်္ဂါလီတွေရဲ့ ကျူးကျော်မှုကို ခံနေရတယ် ဆိုတာ နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါးလာတာလည်း ဖြစ်တယ်။ အဲဒီနယ်မြေတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မဟာဗျူဟာခင်းပြီးတော့ မေယုခရိုင်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်း ကြိုးစားခဲ့ကြတဲ့ အပိုင်းတွေရှိတယ်။ အခုဆိုရင် ဒေသခံတိုင်းရင်းသားတွေ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်။ ဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ ပိတ်ဆို့မှုဒဏ်ကို ခံနေရတယ်။ ဒီအချိန်မှာ ပြည်နယ်အစိုးရက ပြည်ထောင်အစိုးကို အရေးတကြီး တိုက်တွန်းသင့်တဲ့ အချိန်ကာလလည်း ဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် လေးလေးနက်နက် ထောက်ခံလိုက်တာ ဖြစ်ပါတယ်” ဟု လည်း ပြောကြားခဲ့ပါသည်။

လက်ရှိအနေအထားတွင် လုံခြုံရေးအပိုင်းက လုပ်ကိုဆောင်ရွက်နေခြင်း ဖြစ်သော်လည်း သို့သော်လည်း အားမရကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အားမရကြောင်း၊ ယင်းအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းလိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော ဘင်္ဂါလီအကြမ်းဖက်မှုသည် ယနေ့မနက်ဖြန် ပြီးသွားမည့် ကိစ္စမဟုတ်ကြောင်း၊ ယင်းအတွက် နောက်ဆက်တွဲဖြစ်မလာနိုင်ဟု မပြောနိုင်ကြောင်း၊ အဆိုပါ သုံးမြို့နယ်အပြင် အခြားသောမြို့နယ်များကို ရောက်လာနိုင်သကဲ့သို့ မြန်မာနိုင်ငံ အနှံ့အပြားသို့ ပျံ့သွားနိုင်သည့် အနေအထား ဖြစ်သည့်အတွက် ပြည်ထောင်စုကိစ္စရပ်သာ ဖြစ်ကြောင်း၊ ပြည်နယ်တစ်ခုတည်း၏ အရေးအရာကိစ္စ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်အရေးကို ပြည်ထောင်စုအစိုရမှ ထိထိရောက်ရောက် ကိုင်တွယ်ပြီး အကြမ်းဖက်ကိစ္စရပ်ကို အပြီးသတ်ချေမှုန်း တိုက်ထုတ်ဖို့ လိုအပ်ကြောင်း၊ တပ်အင်အားကို တိုးချဲ့ပြီး လုပ်ဆောင်သင့်ကြောင်း၊ လတ်တစ်လော အနေဖြင့် ဖြေရှင်းနိုင်မည် မဟုတ်သည့်အတွက် ရေရှည်ဖြေရှင်းသွားရမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေရှည် Plan ချမှတ်ပြီး စနစ်တကျ လုပ်ကိုင်မှသာ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ပြီးသွားပြီး မနက်ဖြန် ပြန်သွားမည်ဆိုပါက မနက်ဖြန် ပြန်လည်ဖြစ်လာ နိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

“ပြည်ထောင်စုအစိုးရကို ပြောလိုတာကတော့ ပြည်ထောင်စုရဲ့ အရေးကိစ္စ ဖြစ်တဲ့အတွက် ဒီကိစ္စကို စနစ်တကျ နေပြီးတော့ ကူညီဖို့လိုတယ်။ စနစ်တကျ စီမံကိန်းတွေရေးဆွဲပြီး ဆောင်ရွက်ဖို့လိုတယ်။ တပ်အင်အားတွေကို တိုးချဲ့ပြီးတော့ အပြတ်အသတ်ချေမှုန်းဖို့ အရေးကြီးပါတယ်။ ကြွင်းကျန်လိုက်တယ်ဆိုရင် အဲဒီ မီးကြွင်းမီးကျန်တွေကနေ ပြန်ပြီးလောင်လာ နိုင်တဲ့အတွက် နောက်ဆက်တွဲပြဿနာ မရှိအောင် ရေရှည်ထိန်းသိမ်းနိုင်ဖို့ ပြည်ထောင်အစိုးရမှာ အရေးတကြီး လုပ်ဆောင်ဖို့လိုပါတယ်” ဟုလည်း ဦးအောင်ဝင်းက ပြောကြားခဲ့ပါသည်။

August 29, 2017














Copy Protected by Chetan's WP-Copyprotect.