ရန်ကုန်ဆေးရုံကြီး၊ SIF နှင့် Sing Health တို့ ပူးပေါင်းပြီး ‘ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း’ ကို သုံးနှစ်ကြာလုပ်ဆောင်မည်

ရန်ကုန်ဆေးရုံကြီး၊ SIF နှင့် Sing Health တို့ ပူးပေါင်းပြီး ‘ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း’ ကို သုံးနှစ်ကြာလုပ်ဆောင်မည်
Published 1 September 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ International Foundation (SIF) နှင့် Singapore Health Services (Sing Health) တို့ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးအချို့တွင် ‘ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း’ ကို သုံးနှစ်ကြာ လုပ်ဆောင်မည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့သော စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များမှလူနာများ ပြန်လည်သန်စွမ်းရေးအတွက် အကဲဖြတ်မှု၊ဆေးကုသမှုအပိုင်းများတွင် နောက်ဆုံးပေါ်ကုသနည်းစနစ်များ၊ လက်တွေ့သင်ကြားပြသမှုများနှင့် အကောင်းဆုံးသော အလေ့အကျင့်များကို ဝေမျှခြင်းများ ပါဝင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်ပေါင်း ၁၈၀ ခန့်ကို ၎င်းစီမံကိန်းမှတစ်ဆင့် သင်တန်းပို့ချပေးရန် ရည်ရွယ်ထားပြီး ပညာရှင်များ၏ တိုးတက်လာသော အရည်အသွေးများနှင့် အသိပညာများမှတစ်ဆင့် သုံးနှစ်အတွင်းအနည်း ဆုံးလူနာဦးရေ ၃၀၀၀၀ခန့်ကို အကျိုးပြုနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ထိုသင်တန်းသားများမှ ဆေးပညာနယ်ပယ်တွင် ၎င်းတို့ သင်ယူရရှိခဲ့သော အရည်အသွေးများနှင့် ဗဟုသုတများကို ပြန်လည်မျှဝေရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အခြားပါဝင်သော ဆေးရုံများမှ လေ့ကျင့်ထားသော ထူးချွန်သည့် သင်တန်းနည်းပြ ၆၀ ဦးကို ထပ်မံရွေးချယ်လေ့ကျင့်သင်ကြားပေးပြီး ထိုသူများက ၎င်းတို့ လုပ်ငန်းနယ်ပယ်အတွင်း ပြန်လည်သင်တန်းပေးပို့ချ သွားနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ SIF တို့ Sing Health တို့လို အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံမှာ ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ စောင့်ရှောက်မှု အရည်အသွေးမြှင့်တင်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုကြောင့်ဖြစ်တဲ့ ဝေဒနာဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ပေးနိုင်တယ်ဆိုတာလည်း အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ Medical Team အနေနဲ့တော့ အမြင်သစ်တွေ လေ့လာသင်ယူမှုအသစ်တွေကို စင်ကာပူ အဖွဲ့တွေနဲ့ နှီးနှောဖလှယ်ပြီး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာခင်မျိုးလှက ဆိုသည်။

ယင်းစီမံကိန်းတွင် ပါဝင်မည့်ဆေးရုံများနှင့်ကျောင်းများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံ၊ ရန်ကုန်အရိုးအထူးကုဆေးရုံ၊ မန္တလေး အထွေထွေရောဂါကုဆေးရုံ၊ ဆေးတက္ကသိုလ်(၁) နှင့် (၂) ရန်ကုန်တို့ပါဝင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတွင် ဆရာဖြစ်သင်တန်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ကြားလေ့လာရေးခရီးစဉ်များ၊ အတတ်ပညာပိုင်းဆိုင်ရာ ဝေမျှခြင်းများ ပါဝင်မည်ဖြစ်ပြီး စီမံကိန်းအပြီးတွင် ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းမှုအတွက် ကုသရေးဆိုင်ရာစွမ်းရည်စံနှုန်းများ မြင့်တက်လာပြီး မြန်မာနိုင်ငံရှိပြန်လည်သန်စွမ်းရေး စနစ်ကြီးတစ်ခုလုံး ပိုမိုခိုင်မာလာစေရန် ဆေးကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ရန် မျှော်မှန်းထားသည်။

Most Read

Most Recent