<

MDCF ခေါင်းဆောင် ကိုထင်ကျော်အား ရန်ကင်းမြို့နယ်တရားရုံးမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) ဖြင့် ၀ရမ်းထုတ်

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်နေ့က တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှုရှိနေသည်ဟုဆိုကာ ဒဂုံဆိမ်းကမ်းမြို့နယ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့စဉ် (ဓာတ်ပုံ – ဝေလင်းအောင်)

MDCF ခေါင်းဆောင် ကိုထင်ကျော်အား ရန်ကင်းမြို့နယ်တရားရုံးမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) ဖြင့် ၀ရမ်းထုတ်ခဲ့ကြောင်း သြဂုတ် ၃၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းသို့ ၀ရမ်းထုတ်သည့် ကိစ္စနှင့်ပတ်သတ်ပြီး MDCF ခေါင်းဆောင် ကိုထင်ကျော်က “ဟုတ်ပါတယ်။ ကျွန်တော်ကို တိုက်ရိုက်တော့ မဆက်သွယ်သေးပါဘူး။ ဖုန်းနံပါတ်တော့ လှမ်းတောင်းတယ်။ အဲ့ဒါနဲ့ ယုံကြည်ရတဲ့ နေရာကို လှမ်းမေးတဲ့အခါကျတော့ ရန်ကင်းမြို့နယ် တရားရုံးကနေ ၅၀၅ (ခ) နဲ့ ၀ရမ်းထုတ်လိုက်ပြီ။ အဲ့ကိစ္စက ပြီးခဲ့တဲ့ ၇ လပိုင်းက ရန်ကင်းတရားရုံးမှာ အိုက်လင်းနဲ့ ပတ်သတ်ပြီးတော့ လေးနှစ်ကျော်၊ ငါးနှစ်လောက် တရားရင်ဆိုင်လာတယ်။ အိုက်လင်းတရားခံကို မဖမ်းတဲ့ဟာကို ကျွန်တော်တို့စုံစမ်းတဲ့ဟာကို နောက်ဆုံးကျတော့ အိုက်လင်းက နိုင်ငံခေါင်းဆောင်တွေဘေးနားမှာ အကာအကွယ်ယူနေတာကို ကျွန်တော်တို့တွေ့ရတယ်။ ပြီးတော့ ကျွန်တော်တရားရင်ဆိုင်နေတဲ့အချိန်မှာ သူက ငြိမ်းချမ်းရေးညီလာခံကို တက်တဲ့အဆင့်လောက် ဖြစ်နေတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ဖြစ်တဲ့ ဒီကိစ္စကိုလည်း တရားရင်ဆိုင်တည်းက ကျွန်တော်တို့က လျှော့မှာမဟုတ်ဘူး။ အဲ့အတွက် ကျွန်တော်တို့ကို ဖမ်းဖမ်း၊ ဘယ်နှစ်ခါပဲ ထောင်ချချ ကျွန်တော်တို့က လျှော့မှာမဟုတ်ဘူး။ ဘယ်သူက မှားလဲမှန်လဲ သမိုင်းက ဆုံးဖြတ်ပေးလိမ့်မယ်” ဟု ပြောကြားသည်။

လက်ရှိတွင် ရန်ကင်းမြို့နယ် တရားရုံးမှ တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသည်မှာ မှန်ကန်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သတ်ပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကိုထင်ကျော်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိဖြစ်နေသည့် ကိစ္စနှင့်ပတ်သတ်၍ တရားရေးကို ရင်ဆိုင်မည်ဖြစ်ပြီး အမှန်တရားကို ဖော်ထုတ်မည်ဖြစ်ကြောင်း၊ မတရားဖိနှိပ်ခံရသည့် ပြည်သူများအတွက် ရင်ဆိုင်ဖြစ်ကြောင်း ကိုထင်ကျော်က ပြောကြားသည်။

အဆိုပါ ရန်ကင်းမြို့နယ်တရားရုံးမှ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ကိုထင်ကျော်အား ဖမ်းဝရမ်းထုတ်လိုက်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရန်ကင်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်တွင် ကိုထင်ကျော်အား ဖမ်းဆီးစစ်ဆေးရန် စီစဉ်ဆောင်ရွက်နေပြီး ကိုထင်ကျော်ထိုင်နေသည့် နေရာများအား အတည်ပြုခြင်းနှင့် ရဲလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း ရန်ကင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ပုဒ်မ- ၅၀၅ (ခ) ဖြင့် ဖမ်းဝရမ်းထုတ်ခံရမှုနှင့် ပတ်သတ်၍ သြဂုတ် ၃၁ ရက် (ယနေ့) တွင် MDCF ခေါင်းဆောင် ကိုထင်ကျော်မှ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံတွင် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

August 31, 2018














Copy Protected by Chetan's WP-Copyprotect.