ခက်ခဲသည့်အချိန်ကိုရောက်ရှိနေသည်မှာ မိမိတို့မန်ယူအသင်းမဟုတ်ဘဲ မြန်မာနိုင်ငံဖြစ်သည်ဟု မော်ရင်ဟိုပြောကြား

ခက်ခဲသည့်အချိန်ကိုရောက်ရှိနေသည်မှာ မိမိတို့မန်ယူအသင်းမဟုတ်ဘဲ မြန်မာနိုင်ငံဖြစ်သည်ဟု မော်ရင်ဟိုပြောကြား
Published 31 August 2018

Photo: Getty Imaeges

မန်ယူအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက စပါးအသင်းကို အိမ်ကွင်းတွင် (ဝ-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းနှင့်၊ ပရီးမီးယားလိဂ် ပွဲစဉ် (၃)ပွဲအပြီး၊ (၂)ပွဲရှုံးထားသော်လည်း မိမိ တို့မန်ယူအသင်းသည် ခက်ခဲသည့်အချိန်များကို ရောက်ရှိနေခြင်းမဟုတ်ဘဲ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကသာ ခက်ခဲသည့်အခြေအနေဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

မန်ယူအသင်းသည် ယခုအချိန်တွင် အဆင့် (၁၃)နေရာတွင်ရောက်ရှိနေပြီး၊ မော်ရင်ဟိုကိုယ်တိုင်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည့် အချိန်ဖြစ်နေသည်။ သို့ရာတွင် မော်ရင်ဟိုက မန်ယူအသင်းကို ခက်ခဲနေသည့်အချိန်များကို ဖြတ်သန်းနေရသည်ဟု မိမိမထင်ကြောင်း ပြောကြားခဲ့ပြီး၊ "သတင်းတွေကို ဖတ်ကြည့်ပါ။ မြန်မာပြည် အကြောင်းတွေ့ပါလိမ့်မယ်။ ကျွန်တော့်အထင်တော့ သူတို့ကမှ တကယ်ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတာဖြစ်ပါတယ်"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက ဘောလုံးပွဲတစ်ပွဲရှုံးနိမ့်ခြင်းထက်၊ တကယ့်လက်တွေ့ဘဝအခက်အခဲများကသာ ပိုမိုအရေးကြီးသည်ဆိုသည့် အမြင်ကို ပြောကြားခဲ့ပြီး၊ မော်ရင်ဟို၏ ယင်းကဲ့သို့ ပြောဆိုမှုအပေါ် မီဒီယာများကလည်း ဝိုင်းဝန်းချီးကျူးနေကြသည်။

မော်ရင်ဟိုသည် အားကစားလောကနှင့် နိုင်ငံရေးအခြေအနေများအပေါ် ချိတ်ဆက်ပြောဆိုလေ့ရှိသူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းကလည်း အဲဗာတန်အသင်းကို ရှုံးနိမ့်ပြီးနောက် ဖိအားများနှင့် ရင်ဆိုင်လာရပြီလားဆိုသည့် မေးမြန်းမှုကို "ကျွန်တော့်အထင်တော့ ဆီးရီးယားဒုက္ခသည်တွေကသာ ဖိအားကြီးကြီးမားမားရှိနေပါတယ်။ သူတို့က တကယ့်ဖိအားတွေအောက်ကလူသားတွေပါ"ဟု ဆိုခဲ့ဖူးသည်။

Most Read

Most Recent