ပြောင်းရွှေ့နိုင်ခြင်းမရှိသေးသော မောင်တောမြောက်ပိုင်းနှင့် တောင်ပိုင်းကျေးရွာများရှိ ဒေသခံများ လုံခြုံရေးအားကောင်းသည့် နေရာများသို့ ရွှေ့ပြောင်းလိုနေ

ပြောင်းရွှေ့နိုင်ခြင်းမရှိသေးသော မောင်တောမြောက်ပိုင်းနှင့် တောင်ပိုင်းကျေးရွာများရှိ ဒေသခံများ လုံခြုံရေးအားကောင်းသည့် နေရာများသို့ ရွှေ့ပြောင်းလိုနေ
Published 29 August 2017

 

ရန်အောင်ပြင်ကျေးရွာသို့ ရောက်ရှိနေသော မြိုတိုင်းရင်းသားများအား တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မောင်တော မြောက်ပိုင်းနှင့် တောင်ပိုင်း ကျေးရွာများရှိ ရွှေ့ပြောင်းထွက်ပြေးနိုင်ခြင်း မရှိသော ကျေးရွာများရှိ ဒေသခံများ မြို့နှင့် အနီးဆုံးနေရာနှင့် လုံခြုံရေးအားကောင်းသည့် နေရာများသို့ ရွှေ့ပြောင်းလိုနေကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ လုံခြုံရေးတွေရှိတယ် ဆိုပေမယ့် ကျွန်တော်တို့ မလုံခြုံသလို ခံစားရတယ်။ တစ်ဘက်က ဘင်္ဂါလီ အကြမ်းဖက်သမားတွေကလည်း အချိန်တိုင်း တိုက်ခိုက်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် လုံခြုံတဲ့ နေရာကို သွားပြီးနေချင်တယ်။ ကျီးလန့်စာစား ကြောက်အားလန့်အားနဲ့ အိပ်လို့မရ၊ စားလို့မရ နေရတဲ့ဘ၀ ဒုက္ခကို မခံစားနိုင်တော့ဘူး” ဟုလည်း အင်းဒင်းကျေးရွာမှ ဦးသိန်းထွန်းကပြောသည်။

အားတူစွာပင် ကြိမ်ချောင်း၊ တမန်းသား၊ အောက်ပြူးမ၊ အထက်ပြူးမ၊ ရွာညိုပြင်၊ သရက်အုပ် အစရှိသော မောင်တောမြောက်ပိုင်း ကျေးရွာဒေသခံများ အနေဖြင့် လက်ရှိတွင် လုံခြုံရေးတပ်များ ရောက်ရှိနေသည့်တိုင် ရွာအတွင်း နေထိုင်ရသည်မှာ မလုံခြုံဟု ခံစားမိကြောင်း၊ စားသောက်ရေးအတွက် အဆင်မပြေမှုများ ဖြစ်လာပြီး ရောဂါဘယ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ ရန်အောင်ပြင်ကျေးရွာသို့ ရောက်ရှိနေသော မြိုတိုင်းရင်းသားများ အနေဖြင့်လည်း စားသောက်စရာမရှိ ဖြစ်နေကြောင်းလည်း သိရှိရသည်။

“အခုဆိုရင် မြိုတွေ ရန်အောင်ပြင်ကျေးရွာမှ ရောက်နေတယ်။ ဒါပေမယ့် သူတို့မှာ ဘာမှပါမလာတော့ စားဖို့အတွက် ခက်ခဲနေတယ်။ သူတို့က မြို့နဲ့အနီးဆုံး တစ်နေရာလောက်ကို သွားချင်နေတယ်။ မြို ၂၀၀ ကျော် ရောက်နေတယ်။ လုံခြုံရေးရှိတယ် ဆိုပေမယ့် စားသောက်ရေး အဆင်မပြေဘူး။ ငတ်ပြန်ဖို့ အချိန်ရောက်နေပြီ။ ကြိမ်ချောင်းကလည်း ဆန်ပို့ဖို့ခက်တယ်။ ကြိမ်ချောင်းမှာ ဆန်က ဘင်္ဂလီတွေဆီကသာ ဝယ်မှရမှာဆိုတော့ အခက်အခဲရှိတယ်။ ကျွန်တော်တို့ ရွာသားတွေကလည်း ဆန်အလုံအလောက်ရှိတဲ့ရွာ မဟုတ်ဘူး” ဟုလည်း ရန်အောင်ပြင်ရွာသား မောင်ကျော်ဇောက ပြောသည်။

မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းများကို လုပ်ဆောင်လျက်ရှိသော်လည်း အကြမ်းဖက် သမားများမှ ကျေးရွားများ အတွင်းမှ သေနပ်များဖြင့် ပစ်ခတ်မှုများရှိနေပြီး အချို့သော ဘင်္ဂလီကျေးရွာများတွင် မိမိတို့၏နေအိမ်များကို မီးရှို့ကာ ထွက်ပြေးတိမ်းရှောင်မှုများကိုလည်း တွေ့မြင်နေရကြောင်း သိရှိရသည်။

“ကျွန်တော်တို့က ဘယ်နေရာမှ သွားလို့မရဘူး။ ဘုန်းတော်ကြီးကျောင်းမှာ စုနေကြရတယ်။ လုံခြုံရေးလည်း ဘုန်းကြီးကျောင်းမှာ ရွာသားတွေကို စောင့်နေရတယ်။ မနက်ပိုင်းကတော့ ပါနီးဆာရာ ကျေးရွာက ဘင်္ဂါလီတွေ ရွာကို မီးရှို့ပြီး ထွက်ပြေးတဲ့အတွက် ကျွန်တော်တို့ စိုးရိမ်နေမိတယ်။ မီးရောင်တွေကို မြင်နေရတယ်။ မီးခိုးထွက်တာကို မြင်နေရတယ်။ ကျွန်တော်တို့ ဒီမှာ ဆက်ပြီးမနေချင်တော့ဘူး။ မြို့နဲ့အနီးကပ်နေရာကို သွားချင်နေတယ်။ ဒီမှာ စားဖို့ဆန်ကလည်း မရှိတော့ဘူး။ ဟင်းဆိုရင်လည်း ဘုန်းတော်ကြီးကျောင်းက ငှက်ပျောပင်တွေကိုသာ စားနေရတယ်” ဟုလည်း ဦးသိန်းလှက ပြောသည်။

ထို့အပြင် သရက်အုပ်ကျေးရွာသို့ ရောက်ရှိတာဝန်ထမ်းဆောင်နေသော သားဖွားဆရာမ ဒေါ်တင်တင်မော်ကလည်း ရွက်ညိုပြင် ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ရပြီး ရွာညိုပြင်တွင် လုံခြုံရေးကို စိတ်မချသည့်အတွက် စစ်သားများ သရက်အုပ်သို့ ရောက်ရှိနေသည်ဆိုဖြင့် သရက်အုပ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိတို့နေရပ်သို့ ပြန်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

“ကျွန်မတို့ အကြိမ်ကြိမ် တောင်းဆိုပေမယ့် ဘယ်သူမှ လာမကယ်ဘူး။ ကျွန်မတို့ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ပညာရေးဝန်ထမ်းတွေလည်း ရှိနေတယ်။ သရက်အုပ်မှာ စုနေကြတယ်။ အခုကျွန်မတို့ကလည်း ချောင်းကိုလှေနဲ့ကူးပြီး သရက်အုပ်ဘက်ကို ပြန်ပြီးသွားဖို့ ပြင်ဆင်နေတယ်။ ဒါပေမယ့် လုံခြုံရေးတွေလာမှ ကူးလို့ရမှာပါ။ မဟုတ်ရင် မြစ်ထဲမှာ သေသွားနိုင်တယ်။ ကျွန်မတို့က လုံခြုံတဲ့နေရာကို သွားချင်နေပြီ။ ကျွန်မတို့က ကျောက်ဖြူမြို့နယ်ကပါ။ အမြန်ဆုံး လာကယ်ပေးစေချင်ပါတယ်။ ဒီမှာမနေချင်တော့ဘူး။ မလုံခြုံလို့ပါ။ ဟိုရွာပြေးလိုက်၊ ဒီရွာပြေးလိုက် လုပ်နေရပါတယ်” ဟုလည်း သရက်အုပ်သို့ ရောက်နေသော သားဖွားဆရာမ ဒေါ်တင်တင်မော်က ပြောကြားခဲ့သည်။

 

Most Read

Most Recent