GMP နှင့်အညီ ထုတ်လုပ်မှု မရှိသော သောက်ရေသန့်များ ရှိနေခြင်းကြောင့် FDA သတ်မှတ်ချက်အတိုင်း ထုတ်လုပ်ရန် လုပ်ငန်းရှင်များကို ဒီဇင်ဘာလအထိ သင်တန်းပေးမည်

GMP နှင့်အညီ ထုတ်လုပ်မှု မရှိသော သောက်ရေသန့်များ ရှိနေခြင်းကြောင့် FDA သတ်မှတ်ချက်အတိုင်း ထုတ်လုပ်ရန် လုပ်ငန်းရှင်များကို ဒီဇင်ဘာလအထိ သင်တန်းပေးမည်
Published 31 August 2018

GMP နှင့်အညီ ထုတ်လုပ်နိုင်ရန် သောက်ရေသန့်လုပ်ငန်းများအား သြဂုတ် ၃၀ ရက်က FDA ရန်ကုန်ရုံးတွင် သင်တန်းပေးနေစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်မှု မရှိသော သောက်ရေသန့်များ ရှိနေခြင်းကြောင့် FDA သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင်များကို ဒီဇင်ဘာလအထိ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရန်ကုန်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် “ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ သောက်ရေသန့် ထုတ်လုပ်နိုင်ရေးအတွက် သောက်ရေသန့် လုပ်ငန်းများအား သင်တန်းပို့ချခြင်း” အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။

“ရေသန့်လုပ်ငန်းတွေက ပြည်သူလူထုရဲ့ အားထားရာလည်း ဖြစ်တယ်။ အခုခေတ်မှာ ရေသန့်ကို ဦးစားပေး သောက်နေကြပြီဆိုတော့ ရေသန့်လုပ်ငန်းတွေက တကယ် ရေသန့်ဖြစ်မှ အားလုံးအတွက် အကျိုးရှိမယ်ဆိုတော့ တချို့ရေသန့်နဲ့ ပတ်သက်လို့ အဆင်မပြေတဲ့ အသံလေးတွေ ကြားနေရတဲ့အတွက် ကျွန်တော်တို့လည်း စုံစမ်းတယ်။ စစ်ဆေးတယ်။ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ရေသန့်တွေ တွေ့ရင် အရေးယူတယ်။ ပိတ်သိမ်းတယ်။ လုပ်ငန်းတွေကို ပြန်ပြုပြင်ခိုင်းပြီး ပြန်စစ်ဆေးတယ်။ ဒီလိုတွေလုပ်ရင်း တွေ့ရတဲ့အခါ တချို့လုပ်ငန်းတွေကလည်း အသိပညာ နည်းနည်း အားနည်းပြီး လုပ်ရမယ့် အချက်တွေကို သေချာမသိလို့ ဆိုတာတွေ တွေ့ရတဲ့အတွက် ဒီလို သင်တန်းတွေပေးပြီး သူတို့ရဲ့အသိပညာကို မြှင့်တင်ပေးတဲ့ သဘောပါ။ ကျွန်တော်တို့ လုပ်ငန်းအလိုက် ပညာပေးတာတော့ ခဏခဏ ရှိပါပြီ။ ဒါပေမဲ့ ဒီလိုမျိုး တစုတဝေးတည်း ခေါ်ပြီး ပညာပေးတာကတော့ ရန်ကုန်အနေနဲ့ ပထမဆုံးအကြိမ်ပါ” ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရန်ကုန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ပြောကြားသည်။

ယခု ၂၀၁၈ ခုနှစ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တစ်နိုင်ငံလုံးအနေဖြင့် ခွင့်ပြုခဲ့သော သောက်ရေသန့်လုပ်ငန်း အသစ်ပေါင်း ၁၅၀ အနက် ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းသစ် ၅၀ နီးပါး ပါဝင်ကြောင်း သိရသည်။

FDA အနေဖြင့် လတ်တလော ပိတ်သိမ်း အရေးယူထားသော သောက်ရေသန့် အမှတ်တံဆိပ်များ ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း တွေ့ရှိက မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ သို့မဟုတ် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။

“သင်တန်းမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်ကို သေသေချာချာ လိုက်နာဖို့နဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးခြင်းအားဖြင့် သူတို့ ဘယ်အပိုင်းမှာ အားနည်းနေသလဲ ဆိုတာကို လုပ်ငန်းရှင်တွေလည်း သိသွားမယ်။ အားနည်းနေတဲ့ အပိုင်းတွေကို ပြင်ဆင်သွားနိုင်မယ်။ တစ်ဦး တစ်ယောက်ချင်းစီ လုပ်ငန်းတစ်ခုမှာ တစ်ခါပြောဖို့က အခက်အခဲ ရှိတဲ့အတွက် အခုလို အားလုံး စုပြောလိုက်ခြင်းအားဖြင့် အားလုံးလည်း နားလည်သွားမယ်ပေါ့။ အခုသင်တန်းမှာ ရေသန့်လုပ်ငန်း လုပ်တဲ့သူတွေ အယောက် ၆၀ လောက် တက်ပါတယ်။ ပြီးရင် ဒီလိုသင်တန်းတွေကို ဒီဇင်ဘာလအထိ ဆက်တိုက် ရန်ကုန်မြို့တွင်းမှာရှိတဲ့ ခရိုင်အလိုက် သင်တန်းတွေပေးဖို့ ရှိပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

FDA ၏ ဈေးကွက် ထောက်လှမ်း စိစစ်ချက်အရ အချို့သော သောက်ရေသန့်များမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အရည်အသွေး စိစစ်ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ကြောင်း နှင့် မှတ်ပုံတင်ထားခြင်း မရှိသော စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် သောက်ရေသန့်လုပ်ငန်းများကိုလည်း အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent