နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် ပြည်တက္ကသိုလ် ပါမောက္ခချုပ်အား နေပြည်တော်သို့ ပြောင်းရွှေ့ခံရ

နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် ပြည်တက္ကသိုလ် ပါမောက္ခချုပ်အား နေပြည်တော်သို့ ပြောင်းရွှေ့ခံရ
Published 31 August 2018

ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ပြည်တက္ကသိုလ် ပါမောက္ခချုပ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် အဆင့်မြင့်ပညာ ဦးစီးဌာနမှ ပြည်တက္ကသိုလ် ပါမောက္ခချုပ်အား နေပြည်တော်သို့ သြဂုတ် ၃၀ ရက်က ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

“ဆန္ဒပြတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့။ ကျွန်တော်တို့အဖွဲ့ ဆုံးဖြတ်ချက်က ပြောင်းရွှေ့သွားရုံနဲ့ မပြီးဘူး။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ ချိုးဖောက်တာတွေ ရှိတယ်။ ပြည်တက္ကသိုလ်မှာ ကျူးလွန်ခဲ့တဲ့ အခြားသော ကိစ္စရပ်တွေကို ပြစ်မှုနဲ့ ပြစ်ဒဏ် ထိုက်တန်စွာ ပေးရမယ်။ ပေးခြင်း မပေးခြင်းကို ကျွန်တော်တို့ သေသေချာချာ စောင့်ကြည့်သွားမယ်။ နောက်တစ်ခုက ဒေါက်တာ အောင်အောင်မင်း ပြည်တက္ကသိုလ်ကို ယာယီ ပါမောက္ခချုပ်အနေနဲ့ ရောက်လာမယ်ပေါ့။ ညက ဒေါက်တာသိန်းဝင်းနဲ့ ကျွန်တော်ဖုန်းရတယ်။ ဒေါက်တာသိန်းဝင်းက သူတို့ဝန်ကြီးဌာနမှာ ပြည်တက္ကသိုလ်အတွက် ဒေါက်တာ ဒေါ်ခင်သီတာ အစားခန့်ပေးမယ့် ပါမောက္ခချုပ်ရာထူး ရှိတဲ့သူ မရှိတဲ့အတွက် ဒေါက်တာ အောင်အောင်မင်းကို ခေတ္တယာယီ ကျောင်းမှာ စီမံခန့်ခွဲရေးကိစ္စ ဆောင်ရွက်ဖို့ လွှတ်လိုက်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်” ဟု ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်မင်းထက်က ပြောကြားသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်သီတာအား ပြည်တက္ကသိုလ်၏ စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာ ဦးစီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းများကြောင့် ဒေါက်တာ ဒေါ်ခင်သီတာအား အဆင့်မြင့်ပညာဦးစီးဌာန နေပြည်တော်တွင် သြဂုတ် ၃၀ မှစ၍ ရာထူးနှင့်အတူ တွဲဖက်တာဝန် ချထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြောင်းရွှေ့ခံခဲ့ရသည့် ဒေါက်တာ ဒေါ်ခင်သီတာ နေရာတွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးအောင်အောင်မင်းအား ပြည်တက္ကသိုလ်၏ စီမံခန့်ခွဲရေးနှင့် သင်ကြားရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ပြည်တက္ကသိုလ်သို့ ဒုတိယ ပါမောက္ခချုပ် (ပါမောက္ခချုပ်တာဝန်) အဖြစ် တွဲဖက် တာဝန်ချထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ မှ ပြည်တက္ကသိုလ် ပါမောက္ခချုပ်၏ လုပ်ရပ်များကို ထပ်မံ အသိပေးခြင်းနှင့် ပြောင်းရွှေ့ပေးရန် တောင်းဆိုသည့် တောင်းဆိုစာကို သြဂုတ် ၂၃ ရက်က ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့ကို အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

သို့သော် အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့သည့်အတွက် ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်၍ ပါမောက္ခချုပ်အား ပြည်တက္ကသိုလ်မှ ပြောင်းရွှေ့ပေးရန် သြဂုတ် ၂၇ ရက်က ပြည်တက္ကသိုလ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုမြတ်မင်းထက်ကို သက်ဆိုင်ရာ ရဲစခန်းမှ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

Most Read

Most Recent