ဟင်္သာတမြို့နယ်အတွင်း ပညာရေးဝန်ထမ်းအချို့ လုပ်ပိုင်ခွင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာမှုများ ရှိနေကြောင်း တိုင်ကြားမှုများ ရှိနေ

ဟင်္သာတမြို့နယ်အတွင်း ပညာရေးဝန်ထမ်းအချို့ လုပ်ပိုင်ခွင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာမှုများ ရှိနေကြောင်း တိုင်ကြားမှုများ ရှိနေ
Published 31 August 2018

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်း ပညာရေးဝန်ထမ်းအချို့ လုပ်ပိုင်ခွင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာမှုများ ရှိနေသည်ဟု တိုင်ကြားမှုများ ရှိနေကြောင်း သိရသည်။

ကျောင်းသားများကို လိုင်စင်ဓာတ်ပုံ လွတ်လပ်စွာ ရိုက်ကူးခွင့်မပြုဘဲ ဆရာ၊ ဆရာမများ ကိုယ်တိုင် (သို့မဟုတ်) ၎င်းတို့နှင့် ဆက်စပ်သူများထံ၌သာ ရိုက်ကူးစေပြီး ကိုယ်ကျိုးရှာမှုများ ရှိနေသည့်အတွက် ထိုသို့တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

“မနှစ်က ကျွန်တော်တို့ ဓာတ်ပုံအသင်းသူ အသင်းသားတွေ သဘောဆန္ဒနဲ့ ကန့်ကွက်တဲ့ စာတစ်စောင် မြို့နယ်ပညာရေးဌာနကို ပေးပို့ထားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆီ ဘယ်လို အကြောင်းပြန်ကြားချက်မှ မလုပ်ခဲ့ပါဘူး။ ဒီနှစ်အနေနဲ့လည်း ကျွန်တော်ကိုယ်တိုင် ကန့်ကွက်တဲ့စာကို ခရိုင်ကို ပေးပို့ထားပါတယ်။ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ အခုလက်ရှိ ဆယ်တန်းဖောင်အတွက် ဆိုပြီးတော့ ကျောင်းတွေမှာ လိုင်စင်ဓာတ်ပုံတွေ ရိုက်ကြတယ်။ ဒီလိုရိုက်ကူးတဲ့ နေရာမှာလည်း တချို့ကျောင်းတွေက ကျောင်းက ဆရာတွေကိုယ်တိုင် ရိုက်တယ်။ တချို့ကျောင်းတွေက အပြင်က ဓာတ်ပုံဆရာနဲ့ ညှိပြီးတော့ အပြင်က သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ခေါ်ပြီးတော့ ရိုက်ကြတယ်။ အဲဒီလို ကျောင်းဝင်းထဲမှာ ကျောင်းပရဝုဏ်ထဲမှာ ရိုက်ကြတယ် ဆိုတဲ့အခါကျတော့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ မိမိဌာနကို အမှီပြုပြီး စီးပွားမရှာရဘူး ဆိုတဲ့ ဝန်ထမ်းစည်းမျဉ်းနဲ့လည်း ငြိပါတယ်။ နောက်တစ်ခုက စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မပတ်သက်ရဘူးဆိုတဲ့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့လည်း ငြိပါတယ်။ အဲဒီလိုလုပ်တဲ့အတွက် ကျွန်တော်တို့ အခွန်ထမ်း လုပ်ငန်းရှင်တွေအနေနဲ့ အများကြီး ထိခိုက်နစ်နာပါတယ်။ ဒါကြောင့်မို့လို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေနဲ့လည်း မငြိစွန်းအောင် အထက်တန်းကျောင်းတွေမှာ ဆယ်တန်းဖောင်အတွက် ဓာတ်ပုံရိုက်တဲ့ နေရာမှာ လိုအပ်ချက်အတိုင်းကို ကျောင်းရှေ့မှာ ကြေညာပြီး ကျောင်းသားတွေကို လွတ်လွတ်လပ်လပ် မိမိတို့ကြိုက်နှစ်သက်ရာဆိုင်မှာ သွားရောက် ရိုက်ကူးပြီး ဘယ်နေ့နောက်ဆုံး ကျောင်းကို ယူဆောင်လာခဲ့ရမယ် ဆိုတဲ့ ကြေညာချက်မျိုး လုပ်သင့်ပါတယ်။ အဲဒီလိုလုပ်လိုက်ရင် ကျောင်းသားတွေကလည်း မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့် ရသွားမယ်။ အပြင်ကလူတွေလည်း လုပ်ငန်းသမားတွေလည်း အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်”ဟု ဓာတ်ပုံဆရာ ကိုထိုက်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟင်္သာတခရိုင် ပညာရေးမှူး ဦးမြင့်ဝင်းထံ သွားရောက် မေးမြန်းရာ ထိုသို့ တင်ပြလာသည့်ကိစ္စအပေါ် လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်နိုင်ရန် မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်ထားကြောင်း ပြောကြားသည်။

ယင်းကိစ္စအပေါ် ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးတင်လှအား မေးမြန်းရာ “ဆရာကြီး က ဒီရောက်တာ တစ်ပတ်လောက်ပဲ ရှိသေးတော့ တင်ပြလာတဲ့ အချက်အလက်တွေကို မဖတ်ရသေးဘူး။ တင်ပြတဲ့ အချက်အလက်ကလည်း ဒီနေ့အထိ ရုံးကိုရောက်တယ် ဆိုတာလည်း မသိရသေးဘူး။ တင်ပြချက်တွေကို ပြန်လေ့လာပြီး ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ဖို့ မှာကြားပေးမှာပါ” ဟု ပြောကြားသည်။

 

Most Read

Most Recent