ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေးလမ်းများ သွားလာရ ခက်ခဲသဖြင့် စွပ်စွဲခံရသူများဘက်မှ အမှုလိုက်ပါ ဆောင်ရွက်နေသည့် မန္တလေးမှ ရှေ့နေနှစ်ဦး ခွင့်တိုင်၍ ဦးကိုနီ လုပ်ကြံခံရမှုကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်ချိန်း

ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေးလမ်းများ သွားလာရ ခက်ခဲသဖြင့် စွပ်စွဲခံရသူများဘက်မှ အမှုလိုက်ပါ ဆောင်ရွက်နေသည့် မန္တလေးမှ ရှေ့နေနှစ်ဦး ခွင့်တိုင်၍ ဦးကိုနီ လုပ်ကြံခံရမှုကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်ချိန်း
Published 31 August 2018

ဦးကိုနီ လုပ်ကြံခံရမှုမှ တရားစွဲခံထားရသူများအား သြဂုတ် ၃၀ ရက် ရုံးထုတ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

ဆွာရေကြီးမှုကြောင့် ရန်ကုန်-မန္တလေးလမ်းများ သွားလာရ ခက်ခဲသဖြင့် စွပ်စွဲခံရသူများဘက်က အမှုလိုက်ပါ ဆောင်ရွက်နေသည့် မန္တလေးမှ ရှေ့နေနှစ်ဦး ခွင့်တိုင်၍ ဦးကိုနီ လုပ်ကြံခံရမှုကို မစစ်ဆေးဖြစ်ဘဲ သြဂုတ် ၃၀ ရက် ရုံးချိန်းမှ သြဂုတ် ၃၁ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးနေလ (တရားလွှတ်တော်) က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

အမှုတွင် စွပ်စွဲခံရသူများ ဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း တို့၏ ရှေ့နေများမှာ အမှုရင်ဆိုင်ရန် မန္တလေးမှ လာရခြင်းဖြစ်ပြီး သွားရေးလာရေး အခက်အခဲကြောင့် ခွင့်တိုင်သဖြင့် ရုံးချိန်းကို သြဂုတ် ၃၁ (ယနေ့သို့) ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီနေ့ (သြဂုတ် ၃၀) က ဇေယျာဖြိုးကို ဆက်လက် ပြန်လှန် စစ်မေးဖို့ ချိန်းဆိုထားတာ။ ရုံးချိန်း ပြန်ချိန်းရတဲ့ အကြောင်းကတော့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ရဲ့ ရှေ့နေ၊ ကြည်လင်းရဲ့ ရှေ့နေတို့က မန္တလေးက လာရတာ။ မန္တလေးက လာရပြီး ဆွာဘက်မှာလည်း ရေကြီးနေတာကြောင့် နေပြည်တော်လမ်းရော ပုံမှန် မန္တလေးလမ်းရော လုံးဝသွားလို့ လာလို့ မရတဲ့အတွက် ခွင့်တိုင်တယ်။ အဲဒီအတွက်ကြောင့် ရုံးချိန်း ပြန်ချိန်း ပေးလိုက်ရတာ။ ချိန်းတာလည်း မနက်ဖြန် (ယနေ့) ကိုပဲ ပြန်ချိန်းလိုက်တာ”ဟု ဦးကိုနီ၏ ရှေ့နေ ဦးနေလက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ဇေယျာဖြိုးကို ဆက်လက် စစ်ဆေးနေခြင်း ဖြစ်ပြီး ထိုသို့ ရုံးချိန်းပြန်လည် ချိန်းဆိုအပြီးတွင် ဇေယျာဖြိုးက အမှု၌ တရားလိုဘက်မှ တင်ပြထားသော ၎င်းနှင့် အောင်ဝင်းခိုင် ဖုန်းခေါ်ဆိုမှု မှတ်တမ်းများမှာ အမ်ပီတီ၊ အော်ရီဒူး စသည့် ဖုန်းအော်ပရေတာများထံမှ တရားဝင် ရယူထားသည့် မှတ်တမ်းများ မဟုတ်ကြောင်း မီဒီယာများအနေဖြင့် ယင်းအော်ပရေတာများထံသို့ စုံစမ်းနိုင်ကြောင်း ပြောကြားသည်။

ဇေယျာဖြိုး၏ ထိုသို့ပြောကြားမှုနှင့် ပတ်သက်၍ ဇေယျာဖြိုးနှင့် ဇေယျာဖြိုး၏ ရှေ့နေတို့အနေဖြင့် အဆိုပါ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို တရားလိုဘက်မှ သက်သေခံအဖြစ် တရားရုံးသို့ တင်ပြစဉ်ကတည်းက ဥပဒေနှင့် မညီညွတ်သည့်အတွက် သက်သေခံအဖြစ် တင်သွင်းခွင့် မပေးသင့်ကြောင်း တရားရုံးသို့ လျှောက်ထားခြင်း ကန့်ကွက်ခဲ့ခြင်း တစ်စုံတစ်ရာ မရှိခဲ့ဘဲ ယခုမှပြောဆိုကြခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကန့်ကွက်ခွင့် ရှိခဲ့ပါလျက် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း သက်သေခံချက်များကို မခိုင်လုံကြောင်း ပြောကြားချက်သည် တရားရုံး၏ ဆုံးဖြတ်ချက်ကို ကြိုတင်ဝေဖန် သုံးသပ်ရာကျကြောင်း ဦးနေလက ပြန်လည်ပြောကြားသည်။

ဦးကိုနီ၏ ရှေ့နေ ဦးနေလက “ဒါ (ဖုန်းခေါ်ဆိုမှု မှတ်တမ်းများ) တွေဟာ ရှာဖွေပုံစံနဲ့ သက်ဆိုင်ရာ ဆက်သွယ်ရေးကနေ ရရှိလာတဲ့ အထောက်အထားတွေပဲ။ အဲဒီအပေါ်မှာ အရင်တုန်းကတော့ သက်သေခံ အထောက်အထားတွေနဲ့ ပတ်သက်လို့ သူတို့ဘက်ကနေ ပြီးတော့ ပြန်လှန် စစ်မေးခြင်းတုန်းက ဒါတွေက ဒီသက်သေ အထောက်အထားတွေက မခိုင်မာပါဘူးလို့ မငြင်းဘူး။ အခုကျမှ တရားရုံးမှာ အောင်ဝင်းခိုင်နဲ့ သူ (ဇေယျာဖြိုး) နဲ့ ဆက်သွယ်ထားတဲ့ မှတ်တမ်းတွေ ပေါ်ပေါက်လာတဲ့ အခါကျတော့မှ ဒီဆက်သွယ်မှု မှတ်တမ်းတွေက တရားဝင်တာ မဟုတ်ဘူးလို့ ငြင်းဆိုတဲ့ အခြေအနေမျိုး။ ပြင်ပမှာလည်း ပြောတယ်။ တရားခွင်မှာလည်း ပြောတယ်။ အဲဒီတော့ အဓိက ပြောချင်တာက အပြင်မှာပြောတဲ့ကိစ္စက လက်လွတ်စပယ် ပြောတာပဲ”ဟု ပြောကြားသည်။

Most Read

Most Recent