နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံ
Published 31 August 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တို့ သြဂုတ် ၃၀ ရက်က တွေ့ဆုံနေစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များအား သြဂုတ် ၃၀ ရက် နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ aတွ့ဆုံပွဲတွင် ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်လည်း တက်ရောက်ခဲ့သည်။

ထို့အတူ တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးမြင့်သူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သြဂုတ် ၂၉ ရက်က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်သံအမတ်ကြီး ကင်ဇိုအိုရှီးမားတို့သည် ယခုလလယ်ပိုင်းက မြန်မာနိုင်ငံသို့ ပထမဦးစွာ လာရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ကော်မရှင်လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ယခုထပ်မံ၍ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ စွပ်စွဲခံရမှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကာ ရခိုင်ပြည်နယ် ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြုံပြုချက်များပါဝင်သည့် အစီရင်ခံစာအား တစ်နှစ်အတွင်း နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားထားသည်။

ထို့ပြင် ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် ယင်းကိစ္စများအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများအား ၁၉၅၀ ပြည့်နှစ် မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေးအက်ဥပဒေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားထားသည်။

ထို့အတူ ကော်မရှင်အနေဖြင့် အချက်အလက်များ တောင်းခံရာတွင် သက်ဆိုင်ရာ အစိုးရအရာရှိများ၊ အစိုးရမဟုတ်သည့် ကိုယ်စားလှယ်များ၊ စစ်ဘက်ဆိုင်ရာနှင့် ပြည်သူ့ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကော်မရှင်ဟာဆိုရင် သက်ဆိုင်တဲ့သူ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီး ဌာနတွေက လိုအပ်တဲ့ အစီရင်ခံစာတွေ တောင်းပြီးတော့ အခုလောလောဆယ် စုဆောင်းထားပြီးတော့ လုပ်ငန်းကို စတင်နိုင်ဆောင်ရွက်နေပါပြီ။ ရရှိလာတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ သုတေသနပြုတာမျိုးလုပ်မှာ ဖြစ်ပါတယ်။ ကော်မရှင်က နောက်နှစ်ပတ်အတွင်းမှာ ကော်မရှင်အဖွဲ့ဝင် အချင်းချင်း နောက်တစ်ကြိမ် တွေ့ဆုံဖို့ရှိပါ တယ်။ ကော်မရှင်က လုပ်ငန်းနဲ့ပတ်သက်တဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုလည်း မကြာခင် တည်ထောင်သွားမှာ ဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုက ပြောကြားထားသည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အား နိုင်ငံတော်သမ္မတရုံးမှ ဇူလိုင် ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌမှာ ဖိလစ်ပိုင်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလသမဂ္ဂ CWDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင် သံအမတ်ကြီး ရိုဆာရီယိမယ်နာလိုဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်း၊ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးနှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်းသံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်သည်။

Most Read

Most Recent