ကချင်ပြည်နယ်ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) ရာခိုင်နှုန်း ၄၀ မှာ KIO အုပ်ချုပ်မှုအောက်ရှိစခန်းများတွင် နေထိုင်ပြီး ၎င်းတို့အားကူညီရန် သွားလာခွင့်များ ကန့်သတ်ထားသဖြင့် အခက်အခဲဖြစ်နေဟု FORTIFY RIGHTS အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြ

ကချင်ပြည်နယ်ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) ရာခိုင်နှုန်း ၄၀ မှာ KIO အုပ်ချုပ်မှုအောက်ရှိစခန်းများတွင် နေထိုင်ပြီး ၎င်းတို့အားကူညီရန် သွားလာခွင့်များ ကန့်သတ်ထားသဖြင့် အခက်အခဲဖြစ်နေဟု FORTIFY RIGHTS အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြ
Published 31 August 2018

ကချင်ပြည်နယ်အတွင်း ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) နေထိုင်သည့် စခန်းပေါင်း ၁၄၀ ရှိပြီး IDPs ရာခိုင်နှုန်း ၄၀ မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်မှုအောက်ရှိ စခန်းများတွင် နေထိုင်နေကြကာ ၎င်းတို့အားကူညီရန် သွားလာခွင့်များ ကန့်သတ်ထားသဖြင့် အခက်အခဲဖြစ်နေဟု FORTIFY RIGHTS အဖွဲ့၏ အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်၌ ယင်းအဖွဲ့က အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ (IDPs) သည် လက်ရှိတွင် ရွှေ့ပြောင်းဒုက္ခသည် စခန်း ၁၄၀ တွင် နေထိုင်လျက်ရှိရာ ခန့်မှန်းခြေဒုက္ခသည် ရာခိုင်နှုန်း ၄၀ ခန့်မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) (KIA နှင့် ဆက်စပ်နေသော နိုင်ငံရေးအဖွဲ့အစည်း) ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိပြီး မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေသည့် နေရာများတွင် နေထိုင်လျက်ရှိကြောင်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူများ ၁၀၆၀၀၀ ကျော်ရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

အဆိုပါ စစ်ဘေးရှောင်များတွင် အစားအစာ မလုံလောက်မှုများ၊ အစားအစာ ထောက်ပံ့မှုများကို အစဉ်မပြတ် လက်လှမ်းမီနိုင်မှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီနိုင်ခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ရေးသားထားသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများအတွက် အစိုးရက ချမှတ်ကျင့်သုံးသော ခရီးသွားလာခွင့်ပေးအပ်ခြင်း လုပ်ငန်းစဉ်မှာ အလွန်ပင်ရှုပ်ထွေးပြီး အချိန်ယူလွန်းသည့် အပြင် အပြောင်းအလဲ များပြားသော လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရည်မှန်းချက်များအတွက် တောင်းခံသော ခရီးသွားလာခွင့်များအနက် အနည်းငယ်မျှကိုသာ ခြွင်းချက်မရှိ ခွင့်ပြုပေးအပ်ခဲ့ကြောင်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ပါရှိသည်။

၂၀၁၇ ခုနှစ် ဇွန်မှ ၂၀၁၈ ခုနှစ် ဇွန်အထိကာလအတွင်း အစိုးရထိန်းချုပ်နယ်မြေများအတွင်းသို့ ခရီးသွားလာခွင့်ရရှိရန်အတွက် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၏ လျှောက်ထားမှုပေါင်း ၅၆၂ ခုရှိသည့်အနက် ငါးရာခိုင်နှုန်းခန့်သာ မြန်မာအစိုးရက ခြွင်းချက်မရှိ ခွင့်ပြုပေးခဲ့ကြောင်း အစီရင်ခံစာအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

“သူတို့ (အစိုးရ၊ တပ်မတော်) ပြောတာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့အခါမှာ အထောက်အပံ့တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလက်ထဲကို ရောက်သွားတာပေါ့နော်။ အဲဒါကလည်း တကယ်တမ်းက တကယ်မှန်ကန်တဲ့ အကြောင်းပြချက်လည်း မဟုတ်ဘူးပေါ့။ အဲဒီလို အထောက်အထားတွေလည်း မရှိခဲ့ဘူးပေါ့နော်။ အဓိကကတော့ အစိုးရရော၊ တပ်မတော်ရော သူတို့တွေအနေနဲ့က တကယ်လိုအပ်တဲ့ လူဆီကို အကူအညီတွေ ရောက်သွားစေချင်တာ အမှန်ပဲဖြစ်တယ်ပေါ့။ ဒါပေမဲ့ ဒီလိုမျိုးရှိတယ်ဆိုရင်လည်း သူတို့တွေ အနေနဲ့က တခြားသော နည်းလမ်းတွေနဲ့ လိုအပ်တဲ့ အကူအညီတွေကို စစ်ဘေးရှောင်တွေဆီကို ရောက်အောင် စီစဉ်ပေးရမှာ ဖြစ်တာပေါ့နော်။ လောလောဆယ်တော့ တခြားနည်းလမ်းတွေနဲ့ လိုအပ်တဲ့အကူအညီတွေကို ရောက်အောင် လုပ်ပေးတဲ့ဟာမျိုး မရှိသေးဘူးနော်” ဟု FORTIFY RIGHTS အဖွဲ့၏ Executive Director ဖြစ်သူ AMYA.SMITH က ပြောကြားသည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များအပေါ် ကန့်သတ်ပိတ်ပင်မှုများ၊ ကချင်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းနေရာချထားခြင်း ခံရသူများအပေါ် အထောက်အပံ့ပေးရေးဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုများ၏ အကျိုးသက်ရောက်မှုများ၊ ဥပဒေကြောင်းအရ ခွဲခြားလေ့လာဆန်းစစ်ခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အကြံပြုချက်များဆိုသည့် ခေါင်းစဉ်များဖြင့် အစီရင်ခံစာကို ရေးသားထားသည်။

FORTIFY RIGHTS အဖွဲ့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် မှတ်ပုံတင်ထားကာ အရှေ့တောင်အာရှတွင် အခြေစိုက်သော လွတ်လပ်ပြီး အမှီအခိုကင်းသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

Most Read

Most Recent