<

မြန်မာတပ်မတော်ခေါင်းဆောင်များအား ICC ၌ တရားစွဲဆိုရန် တောင်းဆိုသည့် ကုလသမဂ္ဂအစီရင်ခံစာကို ကန့်ကွက်ခဲ့သော တရုတ်နှင့် ရုရှား၏ လုပ်ရပ်သည် ပို၍အပြစ်ရှိသည်ဟု ယန်ဟီးလီ ပြောကြား

မြန်မာတပ်မတော်ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) ၌ တရားစွဲဆိုရန်အတွက် လွှဲပြောင်းပေးရန် တောင်းဆိုသော ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို ကန့်ကွက်ခဲ့သည့် လုံခြုံ ရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ လုပ်ရပ်သည် ပို၍ အပြစ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက ပြောကြားခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၇ ရက်က ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ဘင်္ဂလီမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သော မြန်မာတပ်မတော်၏ စစ်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်ခေါင်းဆောင်များ၌ တာဝန်ရှိကြောင်းနှင့် ၎င်းတို့အား ICC ၌ တရားစွဲဆိုနိုင်ရေးအတွက် လွှဲပြောင်းပေးသင့်ကြောင်း အကြံပြုထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သြဂုတ် ၂၈ ရက်က လုံခြုံရေးကောင်စီ၌ ကျင်းပသော မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့သည့်အပေါ် ယန်ဟီးလီက CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်နဲ့ ရုရှားက အမြဲတမ်း ဒီလိုတုံ့ပြန်မယ်ဆိုတာ ကျွန်မတို့ မျှော်လင့်ပြီးသားပါ။ အရင်ကလည်း မြန်မာကိစ္စ တက်လာတိုင်း သူတို့ ဒီလိုပဲ တုံ့ပြန်တာပါ။ ဒါပေမဲ့ တကယ့် စိတ်ပျက်ဖို့ကောင်းတာက လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီး ငါးနိုင်ငံပဲ ရှိတဲ့အထဲမှာ တရုတ်နဲ့ရုရှားက ပါဝင်နေတာပါပဲ။ ကျွန်မအထင် သူတို့အနေနဲ့ ပိုပြီး ရှက်သင့်တာပေါ့။ သူတို့ကတော့ မရှက်ပါဘူး။ ဒီအတွက်လည်း ကျွန်မ အလွန်နာကြည်းမိပါတယ်။ လူတွေစပြီး ထုတ်ပြောလာတဲ့အချိန် ရောက်လာဖို့ လိုပါတယ်။ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံကို လူတွေ ပြောဖို့လိုတာက သူတို့အနေနဲ့ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းတွေကို ထိန်းသိမ်းကာကွယ်လိုစိတ် မရှိဘူးဆိုရင် အခုလို အရေးကြီးတဲ့ လုံခြုံရေး ကောင်စီမှာပါနေဖို့ မသင့်ဘူးဆိုတာပါပဲ” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ရုရှားနှင့် တရုတ်တို့သည် သဘောထားများ ပြောင်းလဲလာရန် လိုအပ်ကြောင်းနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် လူ့အခွင့်အရေးအား ကာကွယ်မြှင့်တင်ပေးရန် တာဝန်ရှိကြောင်းလည်း ယန်ဟီးလီက ပြောကြားခဲ့သည်။

“သူတို့အတွက် ရပ်တည်ချက်တွေ ပြောင်းဖို့ဆိုတာ အမြဲတမ်းဖြစ်နိုင်ပါတယ်။ သူတို့ကို ကျွန်မ ပြောချင်တာက တရုတ်ဟာ ကမ္ဘာ့စီးပွားရေးမှာ ထိပ်ဆုံးအောင်မြင်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာသလို ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေတာပါ။ အဲဒီအဓိပ္ပာယ်က တကယ်တမ်း စီးပွားရေးနဲ့ ငွေရေးကြေးရေးအရ ကမ္ဘာ့ဦးဆောင်မှုနေရာမှာ ရှိရုံတင်မဟုတ်ဘဲ တခြားကဏ္ဍတွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူတွေအတွက် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ တာဝန်ရှိတယ်ဆိုတာကို အမှန်တကယ် ပြသလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။

၎င်းအပြင် လုံခြုံရေးကောင်စီအနေဖြင့် ဘင်္ဂါလီဒုက္ခသည်အရေးကိစ္စအား ICC ကို လွှဲပြောင်းပေးသင့်ကြောင်းလည်း ယန်ဟီးလီက အကြံပြုခဲ့သည်။

“ICC အနေနဲ့ အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မဖြစ်မနေ ပြောသင့်ပါတယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် ဒီလိုကျူးလွန်မှုကို နောက်မျိုးဆက်ဆီဆက်ပြီး လက်ဆင့်ကမ်းတာမျိုး ဖြစ်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ပြစ်မှုကျူးလွန်မှုကို တာဝန်ခံမှု ရှိလာဖို့ လုပ်ထုံးလုပ်နည်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်မယ့် ဆုံးဖြတ်ချက်မှာ ဒီအချက်ကို ထောက်ခံလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ထားပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေလည်း ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သက်သေအထောက်အထားတွေကို ကျွန်မတို့ ဆက်လက် စုဆောင်းဖို့ လိုနေပါတယ်” ဟုလည်း ယန်ဟီးလီက ပြောကြားခဲ့သည်။ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် အကျပ်အတည်း ဖြစ်ပေါ်မလာအောင် ကာကွယ်ရန်အတွက် ကုလသမဂ္ဂအနေဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း မရှိမှုကိုလည်း ယန်ဟီးလီက ထောက်ပြဝေဖန်ခဲ့သည်။ မြန်မာတပ်မတော်နှင့် လုံခြုံရေးတပ်များ၏ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ကုလသမဂ္ဂအနေဖြင့် အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်နေသည်ဟု CNN နှင့် တွေ့ဆုံမေးမြန်းမှုတွင် ယန်ဟီးလီက ပြောကြားခဲ့ကြောင်း သိရသည်။

Ref: VOA

August 31, 2018














Copy Protected by Chetan's WP-Copyprotect.