မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုတ်ဖိုမြို့နယ်အတွင်း ရေဝင်နစ်မြုပ်နေပြီး ဆေးရုံမှလူနာများ၊ အချုပ်သားများအား ရွှေ့ပြောင်းခဲ့ရကာ ကျောင်းသားတစ်ဦး ရေထဲမျောပါပျောက်ဆုံး

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုတ်ဖိုမြို့နယ်အတွင်း ရေဝင်နစ်မြုပ်နေပြီး ဆေးရုံမှလူနာများ၊ အချုပ်သားများအား ရွှေ့ပြောင်းခဲ့ရကာ ကျောင်းသားတစ်ဦး ရေထဲမျောပါပျောက်ဆုံး
Published 31 August 2018

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုတ်ဖို့မြို့နယ်အတွင်း ရေကြီးနေသည်ကို တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုတ်ဖို့မြို့နယ်အတွင်း ကျေးရွာအုပ်စု ၈ အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက် ရေဝင်နစ်မြုပ်နေပြီး အချုပ်သား၊ ဆေးရုံလူနာများအား ရွှေ့ပြောင်းခဲ့ရကာ ၁၀ တန်း ကျောင်းသားတစ်ဦး ရေမျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။

ယင်းမြို့နယ်အတွင်း သြဂုတ် ၂၈ ရက် ညက စံချိန်တင်မိုးရွာသွန်းခဲ့ပြီး ရန်ကုန်-ပြည် ကားလမ်းရေကျော်မှုနှင့် မြို့နယ်တွင်း ကျေးရွာအုပ်စု ၈ အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်တွင် ရေဝင်နစ်မြုပ်နေခဲ့ကာ သြဂုတ် ၂၉ ရက် ညနေပိုင်းက ၁၀ တန်း ကျောင်းသားတစ်ဦး ရေနောက်မျောပါ ပျောက်ဆုံးခဲ့ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အချုပ်ရှိ အချုပ်သား ၁၆ ဦးနှင့် မြို့နယ်ဆေးရုံကြီးရှိ လူနာ ၁၀၀ ခန့်ကို ရွှေ့ပြောင်းခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

“ရေကတော့ အကုန်လုံးနစ်နေတာပဲ အဲဒီထဲမှာ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေတဲ့ အိမ်တွေကို မြို့နယ်အတွင်းမှာရှိတဲ့ ရေလွတ်တဲ့နေရာကသူတွေလှူတဲ့ ထမင်းထုပ်တွေဝေတယ်။ ရဲတပ်ဖွဲ့ကတော့ ရေသန့်တွေ ဝေပေးတယ်။ ခန်းမမှာတော့ ယာယီဆေးခန်း ဖွင့်ထားပေးတယ်။ ဖြစ်တာတော့ မနေ့ကမှစဖြစ်တာ အပေါ်ကရေကအခုမှ ရောက်တာမျိုးပေါ့။ အုတ်ဖိုမြို့က ချိုင့်ကြီးလို ဖြစ်နေတော့ နှစ်တိုင်းလည်းရေဝင်တယ် ဒီနှစ်ကပိုများသွားတယ်” ဟု အုတ်ဖိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ဆိုသည်။

အဆိုပါ ရေဝင်နစ်မြုပ်မှုကြောင့် စာသင်ကျောင်းများနှင့် ဈေးကြီးကိုလည်း ယာယီပိတ်ထားရပြီး ရေနစ်မြုပ်နေသည့် စပါးခင်း စာရင်းများကိုလည်း ပြုစုနေဆဲဖြစ်ကြောင်း သိရသည်။

“အခုကတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အခြားမီးသတ်၊ ထွေအုပ်အဖွဲ့တွေနဲ့ ကူညီထောက်ပံ့မှုတွေ လုပ်နေတယ်။ စခန်းတွေလည်း ရေဝင်တော့ အချုပ်သား ၁၆ ယောက်ကို ဒေသစခန်းမှာ ရွှေ့ထားလိုက်ရတယ်။ ဆေးရုံမှာလည်း ရွှေ့နေတယ်လို့ သိရတယ် အခုကတော့ အတော်လေး အဆင်ပြေနေပါပြီ” မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းနိုင်က ပြောကြားသည်။

ရေဝင်နစ်မြုပ်နေရာဒေသများသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပရဟိတအဖွဲ့ဝင်များ သွားရောက်ကူညီ ထောက်ပံ့မှုများ ပြုလုပ်နေပြီး ယာယီဆေးခန်း ဖွင့်လှစ်ခြင်းများ ပြုလုပ်ထားကြောင်း၊ ယင်းမြို့နယ်တွင် သြဂုတ် ၂၁ ရက်ကလည်း ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကာ ယခင်နှစ်များက ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုနှစ်ဖြစ်ပွားမှုမှာ ပိုမိုကြောင်း သိရသည်။

Most Read

Most Recent