တာချီလိတ်မြို့ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ်ဖြင့်ပစ်ခတ်ပြီး အနုကြမ်းစီးသူအား ဖမ်းဆီးရမိ

တာချီလိတ်မြို့ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ်ဖြင့်ပစ်ခတ်ပြီး အနုကြမ်းစီးသူအား ဖမ်းဆီးရမိ
Published 31 August 2018

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ်နှင့် ခြိမ်းခြောက်ပစ်ခတ်ကာ အနုကြမ်းစီးသွားသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ကွင်းဆက်တရားခံတို့ကို လိုက်လံဖမ်းဆီးနေကြောင်း သြဂုတ် ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါ ကျူးလွန်သူသည် ငွေလိုနေသဖြင့် ရွှေဆိုင်ကို အနုကြမ်းစီး ခြိမ်းခြောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားပြီး၊ တာချီလိတ်တွင် သြဂုတ်အတွင်း ဆိုင်ကယ်ကယ်ရီသမားထံမှ ရိုက်နှက်ပြီး ဆိုင်ကယ် လုယူမှုကိုလည်း ကျူးလွန်ထားသေးသဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းရင်း သံလွင်မြစ်ကူးတံတားအနီးတာကော် နှစ်မိုင်တွင် သြဂုတ် ၂၉ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျူးလွန်သူ ပစ်ခတ်လိုက်ခြင်းကြောင့် ရွှေလာဝယ်သူ အမျိုးသမီးတစ်ဦး လက်မောင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၈ ရက် ၁၀ နာရီ မိနစ် ၄၀ တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၅/၆) အောင်မြတ်ခန်းမရှေ့ ဒိုင်းမွန်းရွှေဆိုင်တွင် အနက်ရောင်မျက်နှာဖုံးစွပ်ထားသော လူတစ်ဦးက သေနတ်ကိုင်ပြီး ဝင်လာကာ အနုကြမ်းစီးနေစဉ် ရွှေဆိုင်ရှိရွှေများ ထည့်ထားသော မှန်ဗီရိုအား သေနတ်ဖြင့် ထုခွဲစဉ် သေနတ်မှ ကျည်ဆန်ထွက်သွားခြင်းကြောင့် ရွှေလာဝယ်သော အမျိုးသမီးတစ်ဦး၏ လက်မောင်းရင်းတွင် ရှေ့မှဖောက်ဝင်ကာ လက်မောင်းရင်းနောက်မှ ကျည်ဖောက်ထွက် ဒဏ်ရာရရှိခဲ့သဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသခဲ့ရကြောင်း သိရသည်။

အဆိုပါ ရွှေဆိုင်မှ အနုကြမ်းစီးရာတွင် ရွှေများပါသွားခြင်းမရှိဘဲ မှန်ဗီရိုသာ ပျက်စီးခဲ့ရကြောင်း ရွှေဆိုင်ပိုင်ရှင်က ပြောကြားသည်။ အမှုမှန်ပေါ်ပေါက်စေရန် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ဦးစီး၍ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိစေရေး အပူတပြင်း ရှာဖွေစစ်ဆေးခဲ့ကာ၊ သြဂုတ် ၃၀ ရက်တွင် ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံတို့ကို လိုက်လံဖမ်းဆီးနေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားသည်။

“တာချီလိတ် ရွှေဆိုင်အနုကြမ်းစီးတဲ့ သူကိုမိထားပြီ။ အခုကွင်းဆက် တရားခံကို ဖမ်းဆီးဖို့ ရောက်နေတယ်။ နောက်မှ ပြန်ပြောပေးမယ်။ လောလောဆယ်တော့ မူရင်းတရားခံတော့ မိပြီ။ နောက်ထပ် လူတွေကို ဖမ်းနေတုန်းပဲ ရှိနေသေးတယ်” ဟု တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်က ပြောကြားသည်။

Most Read

Most Recent