လက်ရှိ ကြားကာလငါးလနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်ကိုးသိန်းကျော် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်တစ်သိန်းကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာ ၁၅ သန်းကျော် ပိုမိုရရှိထား

လက်ရှိ ကြားကာလငါးလနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်ကိုးသိန်းကျော် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်တစ်သိန်းကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာ ၁၅ သန်းကျော် ပိုမိုရရှိထား
Published 31 August 2018

ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်အရောင်းအဝယ် ပြုလုပ်နေသည့် ဆန်ပွဲရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

လက်ရှိကြားကာလ ငါးလနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်ကိုးသိန်းကျော် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်တစ်သိန်းကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေ ဒေါ်လာ ၁၅ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

လက်ရှိကြားကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၇ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၉၀၉,၃၇၆ ကျော် တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ သန်း ၃၁၅ ဒသမ ၂၈၃ သန်းအထိ ရရှိထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သြဂုတ်ပထမပတ်အထိ ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၀၂၄၄၅၉ တင်ပို့မှုမှ တန်ဖိုးဒေါ်လာ သန်း ၃၀၀ နီးပါး ရရှိထားသည်။

ထို့ကြောင့် ယခုနှစ်တွင် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတန်ချိန် ၁၁၅,၀၇၃ ကျော်အထိ လျော့ကျခဲ့သော်လည်း ဝင်ငွေအားဖြင့် ဒေါ်လာ ၁၅ သန်းကျော် ပိုမိုရရှိခြင်းဖြစ်သည်။

ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှု အခြေအနေ ကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“အဓိက,ကတော့ ပင်လယ်ရေကြောင်းက တင်ပို့မှုက ပုံမှန်ပဲ၊ လျော့သွားမှာမဟုတ်ဘူး။ နယ်စပ်ကိုတော့ နည်းနည်းစိုးရိမ်တယ်။ တရုတ်ပြည်ရဲ့ အခြေအနေရော သူ့နိုင်ငံရဲ့ Minium Support Price ပေါ်မှာမူတည်ပြီးတော့ နည်းနည်းလေး လျော့နိုင်မလား၊ တိုးနိုင်မလား အဲဒီအပေါ်မှာ အခြေခံနေတဲ့ အတွက် နယ်စပ်ကိုတော့ အရမ်းကြီးပြောလို့မရသေးဘူး။ ပင်လယ်ရေကြောင်းကတော့ ဒီအတိုင်းကို ဆက်လက်ပြီးသွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားထားသည်။

လက်ရှိတွင် ဒေါ်လာဈေးမြင့်တက်နေသည့်အတွက် ပြည်ပသို့ ဆန်တင်ပို့ရာတွင် အကျိုးအမြတ်များများ ရရှိနိုင်သော်လည်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် Letter of Credit (LC) စနစ်ဖြင့်သာ အများဆုံး ငွေပေးချေနေရသောကြောင့် အဆိုပါ ကာလအတွင်း ဆန်တင်ပို့သူများအနေဖြင့် ပြည်ပသို့ ဆန်ပိုမိုတင်ပို့သွားရန်ကို ချင့်ချိန်နေရကြောင်း သိရသည်။

“ဆန် Export သမားတွေက သူက ချက်ချင်းရောင်းလို့ မရဘူး။ အခု ဒေါ်လာ ဈေးတက်လို့ဆိုပြီးတော့ ရောင်းထားပြီးသား သင်္ဘောတင်ရရင် LC ပြန်ထွက်လာရင် သူတို့ ဒါအကျိုးအမြတ်ရှိတာပေါ့။ တကယ်လို့ အခုမှလိုက်ရောင်းရင် ဒေါ်လာဈေးကောင်းလို့ ရောင်းမယ်ဆိုရင် ကမ္ဘာ့ဆန်ဈေးက ကျနေတော့ အဝယ်သမားက ရောင်းပြီးရင်လည်း နောက်နှစ်လကြာ၊ သုံးလကြာ အဲဒီလိုအချိန်မှ တင်မှာလေ။ အဲဒီလို အဝေးကြီးတွေကျတော့လည်း လူတွေက စွန့်စားပြီး မရောင်းရဲကြဘူး။ ဒေါ်လာဈေးတက်တဲ့အပေါ်မှာ အခုလက်ရှိ ရောင်းထားပြီးသား သင်္ဘောတင်ရမှ၊ သင်္ဘောတင်ပြီးမှ အဲဒီရလာတဲ့ အကျိုးအမြတ်ကို သူတို့ခံစားရမှာ။ အခုမှ ဒေါ်လာဈေးတက်လို့ ဈေးကောင်းရတယ်ဆိုပြီး လိုက်ရောင်းလို့ မရဘူး” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ ရာခိုင်နှုန်း ၃၀ ခန့်သာ တင်ပို့နိုင်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သစ်များ တိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

Most Read

Most Recent