သုံးခွမြို့တောင်ဘက်စွန်း မြန်မာ့ပင်လယ်ပြင်တွင် အင်ဒိုနီးရှား ကုန်တင်သင်္ဘောတစ်စင်း သောင်တင်နေပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသူများ ပျောက်ဆုံးနေကာ သက်ဆိုင်ရာမှ စစ်ဆေးနေ

သုံးခွမြို့တောင်ဘက်စွန်း မြန်မာ့ပင်လယ်ပြင်တွင် အင်ဒိုနီးရှား ကုန်တင်သင်္ဘောတစ်စင်း သောင်တင်နေပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသူများ ပျောက်ဆုံးနေကာ သက်ဆိုင်ရာမှ စစ်ဆေးနေ
Published 30 August 2018

Photo Credit - Kyaw Zin Hein Facebook

သုံးခွမြို့တောင်ဘက်စွန်း မြန်မာ့ပင်လယ်ပြင်တွင် အင်ဒိုနီးရှားကုန်တင် သင်္ဘောတစ်စင်း သောင်တင်နေပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသူများ ပျောက်ဆုံးနေကာ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

သုံးခွမြို့နယ် သမစိတ္တကျေးရွာမှ ရေမိုင် ခြောက်မိုင်ခန့်အကွာတွင် သြဂုတ်၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံ အလံတင် ကုန်တင်သင်္ဘောတစ်စင်း လာရောက် သောင်တင်နေသည်ကို ရေလုပ်သားများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသူများမှာ ပျောက်ဆုံးနေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းမှူးချုပ် ဦးအောင်ကျော်ထူး၏ ပြောကြားချက်အရ သိရသည်။

“တပ်မတော်(ရေ)က တာဝန်ရှိသူရဲ့ သတင်းပေးချက်အရ ဒီသင်္ဘောမှာ သင်္ဘောသားတွေ တစ်ယောက်မှ မပါဘဲ  သောင်တင်နေတာကို သိရပါတယ်။ ကျွန်တော်တို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေနဲ့ကတော့ ရန်ကုန်မြစ်ဝမှာ Pilot Vessel ရှိတဲ့အတွက် အန္တရာယ်ကြုံလို့ သင်္ဘောကို စွန့်ခွာပြီး ဆင်းလာတယ်ဆိုရင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီပေးလို့ရပါတယ်”  ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းမှူးချုပ် ဦးအောင်ကျော်ထူးက ပြောကြား သည်။

အဆိုပါသင်္ဘောမှာ အင်ဒိုနီးရှားနိုင်ငံ အလံတင် ကုန်သေတ္တာတင်သင်္ဘောဖြစ်ပြီး အလျား ၁၇၇.၃၅မီတာ၊ အနံ ၂၇.၉၁မီတာ၊ အလေးချိန် ၂၆၅၁၀ တန်ရှိပြီး သင်္ဘော အမည်မှာ  SAM RATULANGI PB  ၁၆၀၀ ဖြစ်ကာ ၂၀၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း သင်္ဘောရှိရာသို့ သြဂုတ် ၃၀ ရက်က တပ်မတော်(ရေ)မှ ဦးဆောင်၍ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြ ပြီး တွေ့ရှိချိန်တွင် သင်္ဘောမှာ ခါးကျိုးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းသို့စစ်ဆေးခဲ့ရာတွင် အဆိုပါ သင်္ဘောပေါ်တွင် သင်္ဘောသားများ၊ ကုန်ပစ္စည်းများ မပါကြောင်း၊ သင်္ဘောအနီးတွင် ငါးဖမ်းစက်လှေနှစ်စင်း တွေ့ရှိရပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မှ ရေလုပ်သားငါးဦး အား မသင်္ကာဖွယ်တွေ့ရှိခဲ့ကြောင်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

Photo Credit - Kyaw Zin Hein Facebook

၎င်းတို့အား မေးမြန်းခဲ့ရာ အဆိုပါသင်္ဘောသည် သြဂုတ် ၂၈ ရက်တွင် အဆိုပါ နေရာ၌ သောင်တင်နေခြင်း ဖြစ်ကြောင်းနှင့် သင်္ဘောပေါ်သို့ ရေလုပ်သားသုံးဦး တက်ရောက်သွားကြောင်း စစ်ဆေးသိရှိခဲ့ကြောင်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံရေပိုင်နက်သို့ ဝင်ရောက် လာသည့် နိုင်ငံတကာသင်္ဘောများနှင့် ရေပိုင်နက်အား ဖြတ်သန်းသွားသော သင်္ဘောများ၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်ပြီး တာဝန်ရှိအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် လက်ရှိအချိန်ထိ အဆိုပါ ဖြစ်ရပ်အား မည်သည့်အဖွဲ့အစည်းမှ တရားဝင် အကြောင်းကြား အသိပေးခြင်း  မရှိသေးကြောင်း ဖြေကြားခဲ့သည်။

 

 

Most Read

Most Recent