ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည် တိုင်တန်းခဲ့သည့် အိမ်အကူနှင့် ပွဲစားအမျိုးသမီးကို ရုံးထုတ်ပြီး တရားလို ရဲအရာရှိအား စတင်စစ်ဆေး

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည် တိုင်တန်းခဲ့သည့် အိမ်အကူနှင့် ပွဲစားအမျိုးသမီးကို ရုံးထုတ်ပြီး တရားလို ရဲအရာရှိအား စတင်စစ်ဆေး
Published 30 August 2018

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည် တိုင်တန်းခဲ့သည့် အိမ်အကူနှင့် ပွဲစားအမျိုးသမီးတို့အား သြဂုတ် ၂၉ ရက်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ရုံးထုတ်စဉ် (ဓာတ်ပုံ-သီဟအောင်)

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည် တိုင်တန်းခဲ့သည့် အိမ်အကူနှင့် ပွဲစား အမျိုးသမီးတို့အား သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ အဆိုပါ ရုံးချိန်းတွင် တရားလိုဖြစ်သူ သုဝဏ္ဏနယ်မြေ ရဲစခန်းမှ စခန်းမှူးအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ရုံးချိန်းကို စက်တင်ဘာ ၅ ရက်ကို ပြန်ချိန်းပါတယ်။ ကျွန်တော့် ထွက်ဆိုချက်တော့ မပြီးသေးဘူး။ ထပ်အစစ်ခံဖို့ လုပ်နေတယ်။ စစ်ခံဖို့ စာရွက်စာတမ်းတွေ မပြည့်စုံတဲ့အတွက်၊ အဲဒီဟာလေးတွေ ပြည့်စုံအောင် လုပ်ချင်တဲ့အတွက် ပြန်ချိန်းလိုက်တာပါ”ဟု သုဝဏ္ဏနယ်မြေ ရဲစခန်းမှ စခန်းမှူးဖြစ်သူက ပြောကြားသည်။

စစ်ဆေးခဲ့သည့် ရုံးချိန်းမှာ သရုပ်ဆောင် သီဟတင်စိုးမှ အဓမ္မပြုကျင့်သည်ဟု သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အိမ်အကူ ခင်မာမြင့်မှ တိုင်တန်းမှုမှာ လီဆယ် တိုင်တန်းခဲ့သဖြင့် အဆိုပါ ရဲစခန်းမှ စခန်းမှူးက အိမ်အကူ ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုတို့အား ရာဇသတ်ကြီး ပုဒ်မ- ၂၁၁ ဖြင့် တရားစွဲဆိုထားသည့်အမှု ဖြစ်သည်။

ထို့ပြင် အိမ်အကူ ခင်မာမြင့်၊ ပွဲစား ဒေါ်ညိုနှင့် ထွက်ပြေး တိမ်းရှောင်နေသူ အကျိုးဆောင် ဒေါ်မြင့်တို့အား သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးဖြစ်သူ ဇင်မာဦးက ရာဇသတ်ကြီး ပုဒ်မ-၃၈၉/၁၁၄ တို့ဖြင့် အမှုဖွင့် တိုင်တန်းထားမှုမှာ တရားလိုဖြစ်သူ မဇင်မာဦးမှာ သင်္ဃန်းကျွန်း တရားရုံးသို့ မလာရောက်နိုင်သဖြင့် ရုံးချိန်းအား ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

အိမ်အကူ ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုတို့နှစ်ဦးအား သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ရာတွင် ယခင် ရုံးချိန်းကဲ့သို့ ရဲအင်အား အများအပြား အသုံးပြုခြင်းနှင့် ထီးများဖြင့် ကာခြင်းတို့ မပြုလုပ်တော့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင် သီဟတင်စိုးက သားမယားပြုကျင့်သည်ဟု ဆိုကာ အိမ်အကူ အမျိုးသမီးဖြစ်သည့် မကွေးတိုင်းဒေသကြီးနေ ဒေါ်ခင်မာမြင့် (၄၀) နှစ်က ဇူလိုင် ၁၄ ရက် ညပိုင်းတွင် သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်း ဖြစ်ပြီး ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာ ဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့သို့ တိုင်တန်းခဲ့သဖြင့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေး ဆောင်ရွက်ခဲ့ရာ တရားလို ဒေါ်ခင်မာမြင့်မှာ အခြားနာမည် နှစ်မျိုး ထပ်မံရှိပြီး ၎င်းနာမည် နှစ်မျိုးမှာ ညိုညို ဆိုသည့် နာမည်နှင့် ဇင်မာမြင့်ဆိုသည့် နာမည်တို့ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လေးနှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်သွားခဲ့ပြီးနောက် စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူအလုပ်ကို လုပ်ကိုင်ရန် ဒေါ်ညို ဆိုသူနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ညိုက သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးခဲ့ပြီး ဇူလိုင် ၅ ရက်တွင် အဆိုပါ နေအိမ်၌ အလုပ်ဝင်ခဲ့ကာ ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူကို ပြုစုရသည့် အလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဒေါ်ဇင်မာဦး မရှိခိုက် သီဟတင်စိုးက ၎င်းအား သားမယားပြုကျင့်သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် ဒေါ်ညိုက သင်ကြားပေးခဲ့သဖြင့် ထိုသို့အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅) နှစ်ကို စစ်ဆေးရာ ၎င်းက ခင်မာမြင့် (ခ) ညိုညို (ခ) ဇင်မာမြင့်အား သီဟတင်စိုးမှ သားမယား ပြုကျင့်ခဲ့သည်ဟု ဆိုကာ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းမှ ဈေးစကားပြောပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည်ဟု ဆိုပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦး ထံသို့ သွားရောက်ကာ အဆိုပါ နစ်နာမှုအတွက် ငွေကျပ် သိန်း ၁၀၀ ပေးပါက ကျေနပ်မည် ဖြစ်ကြောင်း သွားရောက် ညှိနှိုင်းခဲ့ရာ အဆင်မပြေသဖြင့် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent