ကမ်းနားလမ်းတွင် ကွန်တိန်နာတစ်စီး ဘရိတ်ပေါက်ကာ လမ်းနံဘေး ညောင်ပင်ကို တိုက်ပြီး ယာဉ်မောင်း ပြင်းထန်စွာ ဒဏ်ရာရ

ကမ်းနားလမ်းတွင် ကွန်တိန်နာတစ်စီး ဘရိတ်ပေါက်ကာ လမ်းနံဘေး ညောင်ပင်ကို တိုက်ပြီး ယာဉ်မောင်း ပြင်းထန်စွာ ဒဏ်ရာရ
Published 30 August 2018

လမ်းမတော်မြို့နယ် ကမ်းနားလမ်းတွင် ကွန်တိန်နာယာဉ်တစ်စီး မောင်းနှင်လာရင်း ဘရိတ်ပေါက်ကာ လမ်းဘေးရှိ ညောင်ပင်အား ဝင်တိုက်မိမှု သြဂုတ် ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။ သြဂုတ် ၂၈ ရက် ည ၁၁ နာရီတွင် ကွန်တိန်နာ တစ်စီးသည် ကမ်းနားလမ်းအတိုင်း သခင်မြပန်းခြံဘက်မှ ကလီမှတ်တိုင်ဘက်သို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ထိုသို့ မောင်းနှင်လာစဉ် လမ်းမတော် (၂) လမ်းထိပ် အရောက်တွင် ဘရိတ်ပေါက်ပြီး ယင်းလမ်းထိပ်ရှိ ညောင်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ကားက သခင်မြပန်းခြံဘက်က မောင်းလာတာ။ ဘရိတ်ပေါက်သွားတယ်လို့ သိရတယ်။ လမ်းမတော် (၂) လမ်းထိပ်က ညောင်ပင်ကို ဝင်တိုက်မိတာ။ ညောင်ပင်က ဘုရားဆင်းတုတော်တွေ တည်ထားတဲ့ နေရာကို ဝင်တိုက်မိတာ။ ပြီးတော့ အဲဒီနားက ရပ်ထားတဲ့ ယာဉ်သုံးစီးကိုလည်း ဝင်တိုက်မိတယ်”ဟု အခင်းဖြစ်ပွားရာ နေရာအနီးနေသူ တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ယာဉ်ပေါ်တွင် ယာဉ်မောင်းတစ်ဦးသာ ပါရှိပြီး အဆိုပါယာဉ်မောင်းမှာ ခါးအောက်ပိုင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာ ရရှိခဲ့သည့် ယာဉ်မောင်းအား သွားရောက် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည့် အားမာန် လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent