MIC အနေဖြင့် ဒေါ်လာသန်း ၁၉၀ ကျော် တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုကို ထပ်မံခွင့်ပြုခဲ့ပြီး စက်မှုလုပ်ငန်းကဏ္ဍတွင် နှစ်ခုအထိ ခွင့်ပြုထား

MIC အနေဖြင့် ဒေါ်လာသန်း ၁၉၀ ကျော် တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုကို ထပ်မံခွင့်ပြုခဲ့ပြီး စက်မှုလုပ်ငန်းကဏ္ဍတွင် နှစ်ခုအထိ ခွင့်ပြုထား
Published 30 August 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၁၉၀ ကျော် တန်ဖိုးရှိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း အဆိုပြုလုပ်ငန်းနှစ်ခုနှင့် အတည်ပြုလုပ်ငန်း နှစ်ခု စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း လေးခုကို ထပ်မံ ခွင့်ပြုခဲ့ပြီး စက်မှုလုပ်ငန်းကဏ္ဍတွင် နှစ်ခုအထိ ခွင့်ပြုထားကြောင်း သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်း နှစ်ခု၊ အတည်ပြုလုပ်ငန်းနှစ်ခု စုစုပေါင်းလုပ်ငန်း လေးခု ခွင့်ပြုခဲ့ပါတယ်။ အဆိုပြုလုပ်ငန်း နှစ်ခုနဲ့ အတည်ပြုလုပ်ငန်းတစ်ခုကတော့

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ အတည်ပြုလုပ်ငန်းတစ်ခုကို ခွင့်ပြုခဲ့ပါတယ်။ စုစုပေါင်း လုပ်ငန်းလေးခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၄၄၁ သန်းကို ခွင့်ပြုပေးခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

အဆိုပါခွင့်ပြု၊ အတည်ပြုခဲ့သည့် လုပ်ငန်းလေးခုမှာ စက်မှုကဏ္ဍတွင် နှစ်ခု၊ အိမ်ယာ အဆောက်အအုံကဏ္ဍတွင်တစ်ခု၊ အခြားကဏ္ဍတွင် တစ်ခု ခွင့်ပြုပေးခဲ့ပြီး ယင်းကဲ့သို့ခွင့်ပြုပေးခဲ့သည့်အတွက် ပြည်တွင်းလုပ်သားပေါင်း ၂၉၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း ဦးသန်းအောင်ကျော်က ဆိုသည်။

ယခုဘဏ္ဍာနှစ် ကြားကာလခြောက်လ အဖြစ် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ သတ်မှတ်ထားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ သြဂုတ်အထိ ငါးလအတွင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၅ ခုအထိ ခွင့်ပြုအတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၇၇၀ ကျော်အထိ ရှိသည်။ ယခင်ခွင့်ပြုပေးထားသော လုပ်ငန်းအဟောင်းများမှ လုပ်ငန်းတိုးချဲ့လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာသန်း ၅၄၀ ခန့်အထိ ရှိသည့်အတွက် လက်ရှိအချိန်အထိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ သန်း ၁၃၀၀ ကျော်အထိ ရှိသည်။

Most Read

Most Recent