ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးအား ခုနစ်ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုသက်သေ တစ်ဦးတစ်ယောက်မျှ မရောက်သဖြင့် စစ်ဆေးနိုင်ခြင်းမရှိ

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးအား ခုနစ်ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုသက်သေ တစ်ဦးတစ်ယောက်မျှ မရောက်သဖြင့် စစ်ဆေးနိုင်ခြင်းမရှိ
Published 30 August 2018

၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးအား သြဂုတ် ၂၉ ရက်က ခုနစ်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုသက်သေ တစ်ဦးတစ်ယောက်မျှ မရောက်သဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ စက်တင်ဘာ ၃ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ရုံးချိန်းမှာ တရားလိုသက်သေ တစ်ဦးတစ်ယောက်မှ မရောက်တဲ့အတွက် လာမယ့် စက်တင်ဘာ ၃ ရက်ကို ရုံးထပ်ချိန်းပါတယ်”ဟု ရှေ့နေ ဦးသင်္ခါကျော်က ပြောကြားသည်။

သြဂုတ် ၂၁ ရက် ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် တရားလို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးအား စစ်ဆေးခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၃ ရက် ဒုတိယအကြိမ် ရုံးချိန်းတွင် ဒေါ်ဥမ္မာကျော်အား အာမခံလျှောက်ထားခဲ့သော်လည်း ဇူလိုင် ၃၀ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် ဒေါ်ဥမ္မာကျော်အား အာမခံလျှောက်ထားမှုကို ပယ်ချခံခဲ့ရသည်။

အဆိုပါ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မောင်တောတောင်ပိုင်းရှိ သင်္ဘောကွေ့ ကျေးရွာသား သုံးဦးအနက် ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဇူလိုင် ၉ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပထမအကြိမ်အဖြစ် ဇူလိုင် ၁၆ ရက်က မောင်တောမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးထွန်းမြင့်ဦး နှင့် ဒေါ်ဥမ္မာကျော်တို့အား ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာသား သုံးဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အရ ရာဇဝတ်မှုကို ကျူးလွန်ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် ဇူလိုင် ၉ ရက်အရောက် လာရောက်ရန် မြို့နယ်တရားရုံးမှ ဇူလိုင် ၈ ရက်က သမ္မန်စာပေးပို့ခဲ့ပြီး ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာမှ ဖြိုဖျက်ခဲ့သည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာသားများအား အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ကျေးရွာသားများက လက်မခံဘဲ ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာတွင် ဥပဒေမဲ့ ဝင်ရောက် နေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာရ လွယ်ကူသည့် မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာသစ် မြေနေရာရွေးချယ်ပြီး ယာယီ အဆောက်အအုံများ ဆောက်လုပ်ပေးကာ အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာအဆောက်အအုံ တစ်လုံး တည်ဆောက်ပေးလျက်ရှိကြောင်း ဇူလိုင် ၁၂ ရက်က အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ရွှေ့ပြောင်းလာသူများသည် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စတင်အခြေချ နေထိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဥပဒေမဲ့ ဝင်ရောက် နေထိုင်သူများအား သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ နေထိုင်မှုမပြုရန် တားမြစ်ထားခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို အသိပေးအကြောင်းကြားခဲ့ကြောင်း၊ လိုက်နာဆောင်ရွက်မှု မရှိသဖြင့် ထပ်မံ၍ သတိပေးစာနှစ်ကြိမ် ထုတ်ပြန်ခဲ့ကြောင်း ၊ ဖေဖော်ဝါရီ ၂၅ ရက်က သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာမှ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၃၇ စုအား သက်ဆိုင်ရာမှ အင်းဒင်ကျေးရွာသစ်မြေနေရာသို့ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ဥပဒေမဲ့ နေထိုင်သူ အိမ်ထောင်စု ၂၄ စုမှာ မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်လျက်ရှိသဖြင့် သက်ဆိုင်ရာက ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent