တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြား၍ အစိုးရပိုင် ကျောင်းအဆောက်အအုံ၌ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ကျောင်းဝင်းအတွင်း ပါတီအလံစိုက်ထူခြင်း၊ တံဆိပ်ကပ်ထားခြင်းတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် လွှတ်တော်၌ မေးမြန်း

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြား၍ အစိုးရပိုင် ကျောင်းအဆောက်အအုံ၌ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ကျောင်းဝင်းအတွင်း ပါတီအလံစိုက်ထူခြင်း၊ တံဆိပ်ကပ်ထားခြင်းတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် လွှတ်တော်၌ မေးမြန်း
Published 30 August 2018

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြား၍ အစိုးရပိုင်ကျောင်းအဆောက်အအုံ၌ ပြည်သူလူထုနှင့်တွေ့ဆုံရာတွင် ကျောင်းဝင်းအတွင်း ပါတီအလံစိုက်ထူခြင်း၊ တံဆိပ်ကပ်ထားခြင်း တို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ သြဂုတ် ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုင်ငံရေးပါတီတစ်ခုက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြားပြီး အစိုးရပိုင်ကျောင်းအဆောက်အအုံ တစ်ခု၌ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် အစိုးရပိုင်အခြေခံကျောင်းဝင်းအတွင်း ယင်းပါတီ၏ အလံစိုက်ထူခြင်းနှင့် တံဆိပ်ကပ်ထားမှုတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးခွန်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦသန်းဌေးက ပြန်လည်ဖြေကြားရာတွင် နိုင်ငံရေးပါတီတစ်ခုဟု ရည်ညွှန်းဖော်ပြထားရာတွင် မည်သည့် နိုင်ငံရေးပါတီဟု ဖော်ပြထားမှုမရှိခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများကို ဖိတ်ကြားဆောင်ရွက်သည်ဟု ဖော်ပြထားသော်လည်း တက်ရောက်သူများ၏ အမည်ရာထူးဌာနများအား ဖော်ပြထားမှု မရှိခြင်း၊ အစိုးရပိုင် အခြေခံပညာ ကျောင်းဝင်းတစ်ခုဟု ဖော်ပြထားသော်လည်း မည်သည့်ကျောင်းဖြစ်သည်ကိုဖော်ပြထားမှု မရှိခြင်းတို့ကြောင့် တိကျမှုမရှိဘဲ ယေဘုယျဆန်သည့် မေးခွန်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ယေဘုယျသဘောမဟုတ်ဘဲ တိတိကျကျ ဖော်ပြတိုင်ကြားလာခဲ့ပါက တိုင်ကြားသူနှင့် တိုင်ကြားခံရသူနှစ်ဖက်အား စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဖြေကြားနှင့်ပတ်သက်၍ မေးခွန်းရှင် ဒေါက်တာဦးမောင်သင်းက လွှတ်တော်နည်းဥပဒေအရ ပါတီတစ်ခု၏ နာမည်ကိုဖော်ပြခဲ့ပါက ယင်းပါတီ၏ဂုဏ်သိက္ခာကို ထောက်ညှာသောအားဖြင့် မဖော်ပြခဲ့ခြင်းဖြစ်ပြီး အခုအချိန်တွင် ဖော်ပြခွင့်ရှိပါသလားဟု မေးမြန်းရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စာနှင့်ရေးသားမေးမြန်းစဉ်က ရှင်းလင်းစွာမဖော်ပြဘဲ လွှတ်တော်ရောက်ရှိချိန်မှသာ မူလရေးသားဖော်ပြချက်မရှိသော ကိစ္စများကို အကျယ်တဝင့်မေးမြန်းနေမည်ဆိုပါက ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှုမရှိသည့် အပြင် သဘာဝတရားမကျသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း ပြောကြားလိုသည်ဟု ပြန် လည်ပြောကြားသည်။

“ဒီမှာ အတူတက်နေတဲ့ လူတွေအားလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာပေါ့။ ကျွန်တော် အနေနဲ့ ဒါကို ထိန်းသိမ်းတဲ့အနေနဲ့ သူ့သိက္ခာကို စော်ကားသွားတဲ့ ပုံစံမျိုးရောက်သွားမှာဆိုးလို့ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပါတီတစ်ခုလို့ပဲ သုံးတာ။ ဘယ်ပါတီဆိုတာတော့ ပြောစရာလိုလားဗျာ။ တို့မိတ္ထီလာမှာ တခြားပါတီမှမရှိတာ။ ဒါပါပဲ။ မပြောချင်ပါဘူး။ သိပြီးသားဟာပဲ။ နောက်ပြီးတော့ တိုင်း လွှတ်တော် ဥက္ကဋ္ဌတစ်ယောက်ကို ဖိတ်နိုင်တယ်ဆိုတဲ့ ပါတီပေါ့” မေးခွန်းရှင် ဒေါက်တာ ဦးမောင်သင်းက မီဒီယာများကို ပြောကြားသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ဖိတ်ကြား၍ အစိုးရပိုင်ကျောင်းအဆောက်အအုံ၌ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ကျောင်းဝင်းအတွင်း ပါတီအလံစိုက်ထူခြင်း၊ တံဆိပ်ကပ်ထားခြင်းတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ မေးခွန်းမေးမြန်းရန်အတွက် ပါဝါပွိုင့်ဖြင့် တင်ပြရန်ခွင့်တောင်းခဲ့သော်လည်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဦးမောင်သင်းက ပြောကြားသည်။

Most Read

Most Recent