<

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၈ ခုနှစ်အတွက် ၀င်ရောက်သည့် ခရီးသည်ဦးရေ လေးသန်းပြည့်မြောက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၈ခုနှစ်အတွက် ၀င်ရောက်လာသည့် ခရီးသည်ဦးရေ လေးသန်းပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိပါသည်။

၂၀၁၈ခုနှစ် သြဂုတ် ၂၈ ရက်က  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၀င်ရောက်သည့် လေးသန်းပြည့်ခရီးသည်အား  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုပွဲ အခမ်းအနားအား ပြုလုပ်ခဲ့သည်။

၂၀၁၈ခုနှစ် သြဂုတ် ၂၈ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  China Eastern Airlines  လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် မခင်ဖူးသစ်အား ကံထူးရှင်အဖြစ် ရွေးချယ်ခံခဲ့ရပြီးဆုကြေးငွေ ကျပ်တစ်သန်းနှင့် အခြားမြန်မာကျပ်ငွေ တစ်သန်းတန်ဖိုးရှိ ခရီးသွားလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

“၂၀၁၈ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကို ရောက်ရှိလာတဲ့အားလျော်စွာ  ဒီနေ့မှာ ရန်ကုန် လေဆိပ်ရဲ့ လေးသန်းမြောက်ခရီးသည်ကို ကြိုဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ လေဆိပ်ဝန်ထမ်းများနဲ့ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး နိုင်ငံတကာ အဆင့်မီလေဆိပ်အဖြစ် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု Yangon Aerodrome Company  Ltd  ၏ Chief Operating Officer ဖြစ်သူ Mr.Jose Angeja က ပြောကြားခဲ့သည်။

“ရန်ကုန်လေဆိပ်ရဲ့လေးသန်းမြောက် ခရီးသည်ကြိုဆိုတဲ့အခမ်းအနားမှာ ကံထူးရှင်ဖြစ်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီနေ့အခမ်းအနားက အံ့အားသင့်စရာပါ။ ရန်ကုန်လေဆိပ်ရဲ့ တာဝန်ရှိသူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်”  ဟု လေးသန်းမြောက် ခရီးသည်အဖြစ် ရွေးချယ်ခံရသည့် မခင်ဖူးသစ်က ပြောကြားခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ၂၀၁၈ ခုနှစ်၏ ပထမဆုံးသော တစ်သန်းမြောက်ခရီးသည်အဖြစ် ၂၀၁၈ခု နှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်နေ့က Emirates လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါလာသည့် မလွင်မာမြင့်က ရွေးချယ်ခံခဲ့ပြီး၊ နှစ်သန်းမြောက်ခရီးသည်အဖြစ် ဧပြီလ ၂၀ရက်နေ့ကရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် Air KBZ လေကြောင်းလိုင်း၏ သံတွဲ-ရန်ကုန်ခရီးစဉ်တွင် လိုက်ပါလာသည့် မနန်းအေးအေးအောင်က ကံထူးရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။  သုံးသန်းမြောက်ခရီးသည်အဖြစ် ဇွန်  ၂၈ ရက်နေ့က Jet Star Asia လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် Mr.Jefferson Olivieri Costa အား ရွေးချယ်ခံခဲ့ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၁၇ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၉၂ သန်း၊ ၂၀၁၆ ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၄၅ သန်းအား ၀န်ဆောင်မှု ပေးနိုင်ခဲ့ပြီး ယင်းခရီးသည်များအနက် ၆၆ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားခရီးသည်များ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ထွက်ခွာသည့် ခရီးသည်တစ်ဦးလျှင်  အမေရိကန် ဒေါ်လာ ၂၀နှင့် ပြည်တွင်း ခရီးစဉ် ထွက်ခွာသည့် ခရီးသည်တစ်ဦးလျှင် မြန်မာကျပ်ငွေ ၃၀၀၀ အား Airport Tex အနေဖြင့်ရန်ကုန်လေဆိပ်တွင် ကောက်ခံလျက်ရှိကြောင်း သိရသည်။

August 29, 2018














Copy Protected by Chetan's WP-Copyprotect.