လာမည့်ဘဏ္ဍာနှစ်မှစ၍ သတ်မှတ်ကာလအတွင်း စိုက်ပျိုးမှုမရှိခြင်း၊ စာချုပ်စည်းကမ်းချိုးဖောက်သည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများအား ခွင့်ပြုထားသည့် မြေနှင့်မြေပေါ်ရှိ အပင်နှင့်ပစ္စည်းများ သိမ်းဆည်းခံရမည့်အပြင် တည်ဆဲဥပဒေဖြင့် အရေးယူမည်

လာမည့်ဘဏ္ဍာနှစ်မှစ၍ သတ်မှတ်ကာလအတွင်း စိုက်ပျိုးမှုမရှိခြင်း၊ စာချုပ်စည်းကမ်းချိုးဖောက်သည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများအား ခွင့်ပြုထားသည့် မြေနှင့်မြေပေါ်ရှိ အပင်နှင့်ပစ္စည်းများ သိမ်းဆည်းခံရမည့်အပြင် တည်ဆဲဥပဒေဖြင့် အရေးယူမည်
Published 30 August 2018

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ သတ်မှတ်ကာလအတွင်း အပြည့်အ၀ စိုက်ပျိုးရန်နှင့် လုပ်ငန်းစီမံချက်အတိုင်း မဆောင်ရွက်ခြင်း၊ စာချုပ်ပါ စည်းကမ်းများကို ချိုးဖောက်သည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများအား လုပ်ကိုင်ခွင့် ပြုထားသည့် မြေ နှင့်မြေပေါ်ရှိ အပင်နှင့်ပစ္စည်းများကို သိမ်းဆည်းမည့်အပြင် တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတ နှင့်  သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

သတ်မှတ်ထားသည့် နှစ်ကာလ အတွင်း ဧရိယာအားလုံးအပြည့်အ၀ စိုက်ပျိုးရန်နှင့် လုပ်ငန်းစီမံချက်အတိုင်း ဆောင်ရွက် နိုင်ခြင်းမရှိပါက လုပ်ကိုင်ခွင့်ကို ပြည်လည် ရုပ်သိမ်းခြင်းခံရမည့်အပြင် သစ်တောပျက်စီး ဆုံးရှုံးမှုအတွက် သတ်မှတ်ထားသော လျော်ကြေးကို ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စာချုပ်ပါစည်းကမ်းချက် တစ်စုံတစ်ရာကို ချိုးဖောက်ပါက စားချုပ်ရပ်စဲပြီး လုပ်ကိုင်ခွင့်ပြုထားသည့် မြေနှင့်မြေပေါ်ရှိ အပင်နှင့်ပစ္စည်းများကို သိမ်းဆည်း ခြင်းခံရမည့်အပြင် တည်ဆဲဥပဒေနှင့်အညီ အရေးယူရန် စသည့်စည်းကမ်း ချက်များဖြင့်  ပြည်ထောင်စုရှေ့နေရုံး၏ သဘောထားမှတ်ချက် ရယူ၍ ပြင်ဆင်ပြီးသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် နှစ်ရှည်မြေငှားရမ်းမှုဖြင့် ပုဂ္ဂလိက ကျွန်းနှင့်သစ်မာမျိုး စုံစိုက်ပျိုးသူများအနေဖြင့် မြေငှားရမ်းခ နှစ်စဉ်ပေးသွင်းရန် နှင့် နောက်ကျပေးသွင်းခဲ့ပါက တစ်ရက်လျှင် ကျပ်ငါးထောင်ဖြင့် ဒဏ်ကြေးပေးသွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပုဂ္ဂလိကသစ်တောစိုက်ခင်း စိုက်ပျိုး တည်ထောင်ရန်အတွက် ကုမ္ပဏီ/လုပ်ငန်းများမှ နှစ်အလိုက်စီမံချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိခြင်း၊ စည်းကမ်းလိုက်နာမှု မရှိခြင်း၊ စိုက်ပျိုးသော်လည်း ရှင်သန်အောင် မြင်မှုရာခိုင်နှုန်း ၇၀ မပြည့်မီခြင်းများကို (၁) ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် ပေးသွင်းထားသည့် လုပ်ငန်းအာမခံကြေးငွေသိမ်းဆည်းခြင်းနှင့် မြေပြန်လည် သိမ်းဆည်းခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိက ကျွန်းစိုက်ခင်း စိုက်ပျိုးတည်ထောင် ထုတ်လုပ်ရန် ၂၀၁၆ ခုနှစ်မှလည်းကောင်း၊ ပုဂ္ဂလိက သစ်မာမျိုးစုံ စိုက်ခင်းစိုက်ပျိုး တည်ထောင် ထုတ်လုပ်ရောင်းချရန် ၂၀၁၇ ခုနှစ်မှ လည်းကောင်း ရည်ရွယ်ချက်များချမှတ်ပြီး တည်ထောင်စိုက်ပျိုးလုပ်ကိုင် ခွင့်ပြုလျှက်ရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နှစ်ရှည် မြေငှားရမ်းမှုစနစ်ဖြင့် ခွင့်ပြုချထားပေးလျှက်ရှိရာ လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ တစ်နိုင်တစ်ပိုင် အသေးစား၊ အလတ်စား  စီးပွားရေးအသွင်ဖြင့် ပုဂ္ဂလိသစ်တောစိုက် ခင်းတည်ထောင်ရန်အတွက် ကျွန်းစိုက်ခင်း ဧက ၅၀၀ နှင့် ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း ဧက ၁၀၀ အထိခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent