စက်သုံးဆီဈေးနှုန်း ၂၀၁၄ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးစံချိန်ချိုးခဲ့ပြီး 92 Ron တစ်ဂါလန် ၄၃၅၈ ကျပ်၊ ပရီမီယံဒီဇယ် တစ်ဂါလန် ကျပ် ၄၅၄၀ ဖြစ်ကာ လက်ရှိအစိုးရသက်တမ်း ၂၉ လအတွင်း ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်

စက်သုံးဆီဈေးနှုန်း ၂၀၁၄ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးစံချိန်ချိုးခဲ့ပြီး 92 Ron တစ်ဂါလန် ၄၃၅၈ ကျပ်၊ ပရီမီယံဒီဇယ် တစ်ဂါလန် ကျပ် ၄၅၄၀ ဖြစ်ကာ လက်ရှိအစိုးရသက်တမ်း ၂၉ လအတွင်း ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်
Published 30 August 2018

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ၂၀၁၄ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးစံချိန်ကိုချိုးခဲ့ပြီး 92 Ron တစ်ဂါလန် ၄၃၅၈ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်ဂါလန် ကျပ် ၄၅၄၀ အထိ ဖြစ်ပေါ်ခဲ့ကာ လက်ရှိအစိုးရသက်တမ်း ၂၉ လအတွင်း စက်သုံးဆီဈေး ၉၈ ရာ ခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက်မှ ၂၈ ရက်အတွင်း ကမ္ဘာ့ရေနံဈေး တစ်စည် လေးဒေါ်လာခန့် မြင့်တက်မှုနှင့်အတူ ဒေါ်လာဈေးဆက်တိုက် ပြန်တက်လာကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ရက် ၁၀၀ ကျော်အတွင်း တစ်လီတာ ကျပ် ၁၀၅-၁၁၅ ကြားဈေးတက်ခဲ့ပြီး မေ ၁၈ ရက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျော်မှ ၁၃ ရာခိုင်နှုန်းခန့်အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၉ ရက်တွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၉၉၀ (တစ်ဂါလန် ၄၄၉၄ ကျပ်) ပရီမီယံ ဒီဇယ် တစ်လီတာ  ကျပ် ၁၀၀၀ (တစ်ဂါလန် ၄၅၄၀ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၉၆၀ (တစ်ဂါလန် ၄၃၅၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၁၀၁၀ ကျပ် (တစ်ဂါလန် ၄၅၈၅ ကျပ်) ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းများဖြစ်ခဲ့သည်။ အမြင့်ဆုံး စံချိန်တင်ထားသည့် ၂၀၁၄ ခုနှစ် သြဂုတ် ၄ ရက်တွင် ဒီဇယ်တစ်ဂါလန် ၄၃၁၃ ကျပ်၊ ပရီမီယံဒီဇယ်တစ်ဂါလန် ၄၄၉၄ ကျပ်၊ 92 Ron တစ်ဂါလန် ၄၂၆၇ ကျပ်၊ 95 Ron တစ်ဂါလန် ၅၄၄၈ ကျပ်ဖြစ်ခြင်းကြောင့် ၂၀၁၈ ခုနှစ် သြဂုတ် ၂၉ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက 95 Ron ဈေးမှလွဲ၍ အမြင့်ဆုံးစံချိန်များဖြစ်လာခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန် ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက် တွင် ၇၄ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၉ ရက်တွင် ၆၉ ဒေါ်လာနီးပါးအထိ ပြန် တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော သြဂုတ် ၂၈ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၈၄ ဒသမ ၄၀ ဒေါ်လာ၊ 95 Ron ၈၆ ဒသမ ၉၇ ဒေါ်လာ၊ ဒီဇယ် ၉၁ ဒသမ ၀၉ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၁ ဒသမ ၇၂  ဒေါ်လာတို့ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၉ ရက်ဈေးနှုန်း နှိုင်းယှဉ်ပါက ၂၉ လ နီးပါးအတွင်း ဒီဇယ် ၉၈ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၈၅ ရာခိုင်နှုန်း၊ 92 Ron ၇၅ ရာခိုင်နှုန်း၊ 95 Ron ၅၅ ရာခိုင်နှုန်းဈေးနှုန်းမြင့် တက်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent